လယ်ယာမြေ ပြန်လည်ရရှိရေး လယ်သမားတောင်းဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာကျေးရွာမှာ အိုးအိမ်နဲ့ မြေစာရင်းဌါနကသိမ်းထားတဲ့ လယ်တွေကို ပြန်ပြီးလုပ်ပိုင်ခွင့်ပေးဖို့ လယ်သမားတွေက သက်ဆိုင်ရာကို တောင်းဆိုလိုက်ပါတယ်။

သူတို့တောင်းဆိုစာကို လယ်သမား၊ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မစုစုနွေးက သူတို့ကိုယ်စား ဒီနေ့တင်လိုက်တာလို့ RFA ကို အခုလို ပြောပါတယ်။

" အစိုးရကို လယ်ယာမြေ ပြန်လည်ရရှိရေး၊ ဒီမိုးတွင်းကို ထွန်ဖို့ ကျွန်မတို့စာတွေတင်ပြီး တောင်းဆိုတာပေါ့။ ကျွန်မတို့လိပ်မူတာကတော့ ဦးမြင့်လှိုင်ပေါ့။ လယ်ယာဆည်မြောင်းဝန်ကြီးဌါနကို ကျွန်မတို့ လိပ်မူပြီး တင်လိုက်တာပါ"

အဲဒီ ဝါးတရာက လယ်တွေကို အိုးအိမ်နဲ့မြေစာရင်းဌါနက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သိမ်းပြီး စက်ရုံတည်ဆောက်မယ့် ကုမ္ပဏီတွေကို ပြန်ရောင်းထားတာလို့ ဆိုပါတယ်။ အဲဒီထဲက တချို့ လယ်သမားတွေကို နစ်နာကြေးပေးပေမယ့် အများစုက နစ်နာကြေးမရကြဘူးလို့ ဆိုပါတယ်။

မနေ့က ကွင်းဆင်းလေ့လာတော့ သိမ်းထားတဲ့ အဲဒီလယ်တွေကို ကာဖို့ အုတ်တွေချထားတာ တွေ့ခဲ့ရတယ်လို့ မစုစုနွေးက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ စနေနေ့မှာ ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ ဒေသခံလယ်သမားတွေနဲ့ မစုစုနွေးတို့ တွေ့ဆုံပြီး လယ်သိမ်းခံရမှုတွေ၊ နစ်နာမှုတွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကနေ နစ်နာချက် ၇ ချက်ကို အာဏာပိုင်တွေကို တင်ပြလိုက်တဲ့အခါမှာ ဒီနေ့တော့ သူတို့တြင်ပချက်နဲ့ သက်ဆိုင်တဲ့ရွာကို စစ်တပ်က ဝင်ရောက်စစ်ဆေးတယ်လို့ သိရကြောင်း မစုစုနွေးက ပြောပါတယ်။

" မအူပင်မြို့နယ်၊ မလက်တိုအုပ်စု၊ ခနောင်ကြီးကျေးရွာ အဲဒီမှာ ကျွန်မတို့ ၁၂ ရက်နေ့ စနေနေ့တုန်းက ကျွန်မတို့ လယ်သမားအရေးဆောင်ရွက်သူများနဲ့ လယ်သမားတွေ အပြန်အလှန်တွေ့ဆုံ ဆွေးနွေးပွဲ၊ ဆန္ဒထုတ်ဖော် လက်မှတ်ထိုးပွဲ ကျွန်မတို့လုပ်တယ်လေ။ အဲဒီကနေပြီးတော့ လယ်သမားအခွင့်အရေးတွေ ဆုံးရံှုးနေပါတယ်ဆိုပြီး အခက် ၇ ချက်နဲ့တင်တယ်ပေါ့။ ဒီနေ့လည်းကျတော့ ကာကွယ်ရေးဝန်ကြီးဌါန ကကရုံးပေါ့နော်၊ စခန်းမှူးရုံးက သိမ်းထားတဲ့ လယ်သမားတွေကို လူကြီးတွေက ဆင်းစစ်တယ်လို့ ကျွန်မကို အကြောင်းပြန်ပါတယ် "

မြန်မာနိုင်ငံမှာ စက်မှုဇုန်တွေတည်ဆောက်ဖို့၊ စီမံကိန်းတွေဖော်ဆောင်ဖို့ စသဖြင့် ဆောင်ရွက်နေရာမှာ ဒေသခံလယ်သမားတွေ နစ်နာဆုံးရှုံးတာ အမြောက်အများရှိနေတယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။