စစ်တပ်သိမ်းယူမြေပြန် ရရှိရေး ပေါက်တောင်သူ ၃၀၀ ကျော် ဆန္ဒပြတောင်းဆို

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာ စစ်တပ်ကသိမ်းယူထားတဲ့ လယ်မြေဧက ၂၅၀၀ ထဲက ပိုနေတဲ့မြေတွေပြန်ပေးဖို့အတွက် ဒေသခံတောင်သူ ၃၀၀ ကျော်လောက် ပေါက်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း စက်ရုံဆောက်လုပ်ပြီး ပိုလျှံနေတဲ့လယ်မြေတွေကို ပြန်ပေးဖို့ ဒီနေ့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ပေါက်မြို့နယ် မျှားပိုင်းကျေးရွာက တောင်သူ ဦးကြည်ဝင်းက ပြောပါ တယ်။

"ထိုက်တန်တဲ့နစ်နာကြေးလည်းမပေးဘူး၊ လစ်လပ်တဲ့ ကျနော်တို့ရဲ့ လယ်ယာမြေတွေကို လုပ်စားပိုင်ခွင့်မပေဘူး၊ မသွားရဘူး မလာရဘူး၊ ကျနော်တို့က လွတ်လပ်စွာနဲ့မနေရဘူး အဲ့လိုအဟန့်အတားရှိတယ်၊ အဲဒီ့လစ်လပ် တဲ့မြေတွေကို ပုံစံခွန်ချပေးရေး၊ လွတ်လပ်တဲ့မြေတွေကို လွတ်လပ်စွာ လုပ်စားပိုင်ခွင့်ရရှိရေး၊ အစားထိုးလယ် ယာမြေဖော်ထုတ်ပေးရေး၊ နစ်နာတဲ့လျော်ကြေးရရှိရေး ကျနော်တို့က အဲ့ဒါတွေကိုတောင်းဆိုတာ"

အဲဒီ ကာကွယ်ရေးပစ္စည်းစက်ရုံကို လယ်မြေ ၁၀ ဧကလောက်ကိုအသုံးပြုပြီး ဆောက်လုပ်ထားတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က အစိုးရဌာနဆိုင်ရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကိုအသုံးမပြုရင် သက်ဆိုင်ရာတောင်သူတွေကို ပြန်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

ပေါက်မြို့နယ် လေးပင်အိုက်၊ မျှားပိုင်း၊ ထန်းပင်ချောင်း၊ အုန်းပင်၊ ခင်အေး စတဲ့ ကျေးရွာ ၁၂ ရွာက လယ်မြေဧက ၂၅၀၀ ကို စစ်တပ်က လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။