လယ်မြေပြန်ရရေး တောင်သူ များ လေးရက်မြောက်ဆန္ဒပြ


2014.07.07

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ထောက်ရှာအိုင်ကျေးရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ တောင်သူ ၃၀လောက်က သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုတာ ဒီနေ့ဆိုရင် ၄ ရက်ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က အသိမ်းခံထားရတဲ့ လယ်ယာမြေတွေထဲမှာ ဝင်ရောက်ထွန်ယက်ခဲ့ရာမှာ မထွန်ဖို့ စစ်တပ်က တားမြစ်ပိတ်ပင်ခဲ့တဲ့အတွက် တဲထိုးပြီး သပိတ်စခန်းဖွင့်နေကြတာဖြစ်ပါတယ်။ သပိတ်စခန်းဖွင့်သူတွေထဲက ၁၈ ယောက်ကို စစ်တပ်က တရားစွဲဆိုထားကြောင်း ထောက်ရှာအိုင်ရွာသား ကိုမောင်တင့်က အခုလိုပြောပါတယ်။

"ကျနော်တို့ ၄ ရက်နေ့ကပေါ့ဗျာ၊ ထွန်တုံးတိုက်ပွဲ လုပ်မယ်ဆိုပြီးတော့ပေါ့ဗျာ ဆိုပြီးတော့ သွားတယ်ပေါ့ဗျာ သွားတဲ့အခါမှာ ကျနော်တို့ ယာကွက်နှစ်ကွက်လောက်တော့ ဝင်ထွန်ဖြစ်တယ်ပေါ့ဗျာ၊ ထွန်တဲ့အချိန်မှာ စစ်တပ်က ကား ၄ စီးနဲ့ရောက်လာပြီးတော့ မလုပ်ဖို့ရာအတွက် ရှေ့ကနေ ပိတ်ထားပြီးတော့ ကျနော်တို့ တဖြေးဖြေးနဲ့ နောက်ပြန်ဆုတ်ခဲ့ရတာပေါ့၊ နောက်ပြန်ဆုတ်ပြီးတော့မှ သပိတ်စခန်းချခဲ့ကြတာပေါ့၊ အဲ့ဒီကနေတော့မှတခါ အခု ၇ ရက်နေ့ကျတော့ ကျနော်တို့ကို ဇီးကုန်းရဲစခန်းကပေါ့လေ ကျနော်တို့ကို တရားစွဲထားတဲ့ စာတွေဆင့်စာရောက်လာပါတယ်ဗျာ၊ ပုဒ်မ ၄၄၇ နဲ့ ၄၂၇ ပေါ့အဲ့လိုဆိုပြီးတော့ ကျနော်တို့ကို တရားစွဲတယ်"

လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်က ရွှေဘိုလေ့ကျင့်ရေး ထောက်ပို့ (၂) တပ်ရင်းက ကြံစိုက်ခင်းစီမံကိန်းအတွက်ဆိုပြီး ကန့်ဘလူ မြို့နယ် ခအုန်းသာ၊ ပေကြီး၊ ထောက်ရှာအိုင်၊ ငှက်ပျောကျွန်း ကျေးရွာ ၄ ရွာက လယ်ဧက ၃ ထောင်ကျော် ကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

အဲ့ဒီ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေထဲက ဧကတချို့မှာ စစ်တပ်က ကြံစိုက်ပျိုးထားပြီး ကျန်တဲ့ လယ်ဧကတွေကို သီးစားချငှားရမ်းထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။