လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ

လယ်ယာမြေ သိမ်းခံထားရတဲ့ လယ်သမားကြီး ၆၀၀ ခန့်ဒီလ ၂၇ ရက်ကျရင် ပြည်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့ ၁၉ ရက်နေ့က လျှောက်ထားခဲ့တာကို ငြင်းပယ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မနေ့ညက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်မယ့် သူလည်းဖြစ် ခွင့်ပြုမိန့်လျှောက်ထားသူ တစ်ဦးလည်းဖြစ်သူ ကိုရဲထင်ကျော်က အမိန့်စာ ရရှိပုံကို အခုလို ပြောပြပါတယ်။

"ကျွန်တော်တို့ကို ၂၁ ရက် ၈ လပိုင်း ၂၀၁၂ ရက်စွဲနဲ့ပေါ့နော်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ကနေပြီးတော့ပေါ့၊ ဒီငြင်းပယ်တဲ့ အကြောင်းပေ့ါနော်၊ သဘောထား ပြန်ကြားလိုက်ပါတယ်။ ည ၈ နာရီ ၁၀ မိနစ် လောက်က လာပေးရပါတယ်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒီ ကျွန်တော်တို့ ဒု တပ်ကြပ် တစ်ယောက်နဲ့ပေးခိုင်းလိုက်တာပါ စာအိတ်နဲ့ပေါ့"

အမိန့်စာထဲမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက အချက်သုံးးချက် အကြောင်းပြ ငြင်းဆိုခဲ့ရာမှာ ဦးဆောင်မဲ့သူတွေဟာ ပန်းတောင်းမြို့မှာ နေထိုင်သူတွေ ဖြစ်တာရယ်၊ ပြည်မြို့နယ်မှာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ကိစ္စ ကြီးကြီး ငယ်ငယ် မရှိတာရယ်၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေဟာ သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တာရယ်တို့ကြောင့် ငြင်းပယ်တာလို့ဆိုပါတယ်။

ဒီနောက်ဆုံး အကြောင်းပြချက်ဟာ မိမိတို့ရဲ့လုပ်ပိုင်ခွင့် ဘောင်ကို ကျော်လွန် အကြောင်းပြခြင်း ဖြစ်ကြောင်း ကိုရဲထင်ကျော်က ပြောပါတယ်။

"ဒီ သိမ်းဆည်းပြီး လယ်ယာမြေများ သည်လည်း သက်ဆိုင်ရာဋ္ဌာနမှ ဥပဒေနဲ့အညီ ဆောင်ရွက်သည့် ကိစ္စများဖြစ်ခြင်း ဆိုတာသည် သူတို့လုပ်ရမယ့် သူတို့ပြောရမယ့်စကား မဟုတ်ပါဘူး။ သူတို့ အကြောင်းပြရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလယ်ယာမြေ သိမ်းပြီးသားတွေက ဥပဒေနဲ့ညီ၏၊ မညီ၏ ပေါ့။ လူသူပိုင်၏၊ မပိုင်၏ ဆိုတာကို ဆုံးဖြတ်ရမည့် တာဝန်နဲ့ လုပ်ပိုင်ခွင့်သည် ပြည်တောင်စုလွှတ်တော် အဆင့်မှာသာလျှင် ရှိပါတယ်။ အခုပုံစံ အရဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ကနေပြီးတော့ လယ်ယာမြေ ပြဿနာနဲ့ပတ်သက်လို့ ဒီဖြေရှင်းဖို့အတွက် စုံစမ်း စစ်ဆေးရေးကော်မရှင်တွေနဲ့တွေ့ဖို့အတွက် အတည်ပြုလိုက်ပြီ ဆိုတော့လေ။ အဲဒီတော့ အဲဒီအပေါ်မှာ သူတို့ပယ်တယ်ဆိုရင် တစ်ခြားနည်းဥပဒေနဲ့ညီ၏၊ မညီ၏ ပေါ့နော်။ ကျွန်တော်တို့လျှောက်ထားတဲ့ပုံစံ မှန်၏၊ မမှန်၏ ဆိုတာကို ကြည့်ပြီးတော့ သူတို့အနေနဲ့ပယ်ရမယ်လို့ကျွန်တော်တို့ယူဆတယ်"

အခုလို ငြင်းပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့တင်ပြမှာဖြစ်ပြီး ဆန္ဒပြပွဲ နည်းဥပဒေအရ တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံတင်ဖို့ကိုတော့ အာဏာပိုင်များအပေါ် ယုံကြည်မှု မရှိလို့လောလောဆယ် စဉ်းစားဆဲပဲ ဖြစ်တယ်လို့သိရပါတယ်။