လယ်သမားတွေ ဝါဝါ၀င်း ကုမ္ပဏီကို ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်းပဒံ အပြင်ပဒံကျေးရွာက လယ်သိမ်းခံရတဲ့ လယ်သမား (၆၀) ကျော်ဟာ ရန်ကုန်မြို့ လသာမြို့နယ်မှာရှိတဲ့ ဝါဝါဝင်းကုမ္ပဏီ ရုံးချုပ်ရှေ့မှာ အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက သွားရောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။

လျော်ကြေးငွေ ပေးအပ်ဖို့ ကုမ္ပဏီဘက်က တစုံတရာ အကြောင်းမပြန်မချင်း နောက်ရက်တွေမှာလည်း ဆက်လက်ဆန္ဒပြသွားမယ်လို့ အဲဒီဆန္ဒပြပွဲ မှာပါဝင်တဲ့ လယ်သိမ်းခံ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဝါဝါဝင်းကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ လယ်သမားတွေ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံညှိနှိုင်းခဲ့ကြပေးမယ့် ပြေလည်မူမရရှိခဲ့ဘူးလို့လည်း သိရပါတယ်။

လယ်သမားတွေဘက်က အသိမ်းခံရတဲ့ လယ်တစ်ဧကအတွက် ကာလပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်း လျှော်ကြေးရလိုကြောင်း၊ ဒါမှမဟုတ် မိမိတို့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရလိုကြောင်း ကုမ္ပဏီနဲ့ ပထမအကြိမ် တွေ့ဆုံခဲ့စဉ်ကတည်းက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ဆန္ဒပြပွဲအတွက် လသာမြို့နယ်ရဲစခန်းမှာ နှစ်ကြိမ်တိုင်တိုင် ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်ပြုချက် မပေးခဲ့ဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ဝါဝါ၀င်း ကုမ္ပဏီဟာ အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်အထည် ဖော်ဖို့အတွက် လှိုင်သာယာမြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီး ကျွန်းလေး စတဲ့ကျေးရွာတွေက လယ်ဧက ၇၀၀ ကျော် ကို ၁၉၉၅-၉၆ ခုနှစ် အတွင်း သိမ်းယူခဲ့တာ ဖြစ်ပါတယ်။