တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေသစ် လွှတ်တော် အတည်ပြု

တောင်သူလယ်သမားများ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအဖြစ် နံမည်ပြောင်းလဲလိုက်ပြီး ပြင်ဆင်ဖြည့်စွက်ချက် ၇၈ ချက်နဲ့ ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

“တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားတဲ့အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား၊ သဘောတူပါသလားခင်ဗျား၊ သဘောတူပါသလားခင်ဗျား၊ မဘောမတူတဲ့သူရှိပါသလား ခင်ဗျား၊ သဘောမတူတဲ့သူ မရှိသည့်အတွက် စိုက်ပျိုးရေး၊ မွေမြူရေးနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသော တောင်သူ လယ်သမားများရဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားတဲ့အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းကြေညာပါတယ်”

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြောသွားတာပါ။

ဒီဥပဒေကို ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြင်ဆင်အဆိုပြုချက် ၄၅ ချက်၊ လွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်က ပြင်ဆင်ချက် ၃၃ ချက်ကို ဆွေးနွေးပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

တည်ဆဲဥပဒေတစ်ရပ်ရပ်မှာ တောင်သူလယ်သမားများ အခွင့်အရေးနှင့် အကျိုးစီးပွားကို အဟန့်အတားဖြစ်စေတဲ့ ပြဌာန်းချက်တွေပါရင် လိုအပ်သလို ပြင်ဆင်ပြဌာန်းနိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက တင်ပြရာမှာ ပြည်သူ့လွှတ်တော်က လက်ခံအတည်ပြုခဲ့ပါတယ်။

ဒီဥပဒေမှာ အဖွဲ့အစည်းအသီးသီးထံက သင့်တင့်တဲ့စိုက်ပျိုးချေးငွေများရရှိခွင့်၊ တရားဝင်လုပ်ပိုင်ခွင့် ရရှိထားတဲ့လယ်ယာမြေပေါ်မှာ ဥပဒေနှင့်အညီ လွတ်လပ်စွာစိုက်ပျိုးခွင့်၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် တည်ဆဲဥပဒေတွေနဲ့အညီ အသင်းအဖွဲ့တွေဖွဲ့စည်းခွင့်၊ လယ်ယာမြေနဲ့ စိုက်ပျိုးသီးနှံ ထိခိုက်ပျက်စီးမှုတွေကြုံတွေ့ပါက လုပ်ကွက်ငယ်တောင်သူလယ်သမားတွေကို အထူးဦးစားပေးအကူအညီ ရရှိခံစားခွင့် စတဲ့အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး ပြည်သူ့လွှတ်တော် စိုက်ပျိုးရေးမွေးမြူရေးနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီ က တောင်သူလယ်သမား အကျိုးစီးပွားလုပ်ဆောင်ကြတဲ့ ပြင်ပအသင်းအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။