မော်ကျွန်းမှာ လယ်သမား ၃ဝဝ ကျော် တရားရင်ဆိုင်နေရ

0:00 / 0:00

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အတွင်း ကျေးရွာပေါင်း တစ်ရာကျော်လောက်က သိမ်းဆည်းခံထားရတဲ့ လယ်မြေ ဧကပေါင်း ၆၀၀၀ လောက်ရှိနေပြီး လက်ရှိ ပိုင်နက်ကျူးလွန် မှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ လယ်သမား ၃၀၀ ရှိတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂက ဒီနေ့ ပြောပါတယ်။

အဲဒီ လယ်ယာမြေပြဿနာတွေနဲ့ ဖမ်းဆီးခံထားရ တဲ့ တောင်သူလယ်သမားတွေအရေးကို မဖြေ ရှင်းပေးရင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဆင့်ဆင့်ကို တရားစွဲသွားမယ်လို့ မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂတာဝန်ခံ မစုစုနွေးက ပြောပါတယ်။

"မြေစာရင်းကနေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကို လွဲချပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက မြေစာရင်းကိုလွှဲချလိုက်နဲ့၊ အခုလယ်သမားတွေကိုလည်း လယ်ယာမြေသိမ်းဆည်းထားတာ မရှိပါဘူးဆိုပြီးလိမ်လိုက် အဲဒီအပေါ်မှာ ဥပဒေကြောင်းအရ ကျမတို့ပြည်သူတွေက အရေးယူတရားစွဲဆိုခွင့် မရှိဘူးလား ကျမတို့က တရားစွဲလို့ရှိရင် ပြည်သူ့ဝန် ထမ်းတွေက သူတို့ဝန်ထမ်းရဲ့ ကျင့်ထုံးနဲ့အညီ ဆောင်ရွက်ထားခြင်းမရှိတာကိုလည်း ကျမတို့ဘက်က လုပ်ပိုင်ခွင့်တွေ မရှိဘူးလားဆိုပြီး ကျမတို့မေးပြီးတော့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအနေနဲ့ သိမ်းဆည်းခံ တောင်သူလယ်သမားတွေကို သက်သေအနောက်ကနေ လိုက်ခိုင်းပြီးတော့ ကျမတို့စွဲမယ်"

ဒီနေ့ မော်လမြိုင်ကျွန်းမြို့ မြို့နယ်တောင်သူလယ်သမား သမဂ္ဂရုံးမှာ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လယ်သိမ်းခံထားရတဲ့ ဒေသခံလယ်သမား တစ်ရာလောက်နဲ့ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လယ်ယာမြေပြဿနာတွေကို ၂ ပတ်အတွင်း မဖြေရှင်းပေးဘူးဆိုရင် မော်ကျွန်းမြို့နယ် လယ်သမား တွေ စုပေါင်းပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံးစိုက်တဲ့ ပုသိမ်မြို့အထိ လမ်းလျှောက်ချီတက်ကြမယ်လို့လည်း ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ ဦးအေးသောင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။