အာဏာပိုင်နဲ့ ကုမ္ပဏီကြီးများ ပူးပေါင်း လိမ်လည်မှု လယ်သမားတို့ ရင်ဖွင့်

ဒေသခံ တောင်သူတွေရဲ့ သဘောတူညီချက် မရလို့ မဆောက်ဖြစ်တဲ့ ပလပ်စတစ်ပိုက် စက်ရုံ ကို တခြား နေရာမှာ ဒေသခံတွေရဲ့ သဘောတူညီချက် အရ ဆောက်လုပ်တော့မယ် ဆိုပြီး အာဏာပိုင်တွေနဲ့ ဦးပိုင် လိမီတက်တို့ မရိုးမသား ဆောင်ရွက်သွားတယ်လို့ ကမ္မမြို့နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ အတွင်းက မကွေးတိုင်း သရက် ခရိုင် ကမ္မမြို့နယ် စစ်စရံရွာ အနီးမှာ တရုတ် ကုမ္မဏီ၊ ဦးပိုင် လီမီတက်နဲ့ ထူးကုမ္ပဏီ တို့ ပူးတွဲ ဆောင်ရွက်မယ့် PVC ပလပ်စတစ်ပိုက် စက်ရုံ ဆောက်လုပ်ရေး အတွက် လယ်မြေတွေကို နစ်နာကြေးပေး သိမ်းယူခဲ့တာကို ဒေသခံ လယ်သမားတွေက သဘောမတူ၊ မကျေနပ် တာကြောင့် စက်ရုံ ဆောက်လုပ်ရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရ ပါတယ်။ အဲဒီနောက် ဒီစက်ရုံ ကို မူလ သတ်မှတ်ထားတဲ့ နေရာကနေ တစ်မိုင်လောက် အကွာက ထောင့်မရွာ အနီးမှာ ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲသလို ထောင့်မရွာ အနီးမှာ စက်ရုံဆောက်ဖို့ ဒေသခံတောင်သူ ၆၈ ဦးရဲ့ သဘောတူညီချက် လက်မှတ်တွေ ရထားပြီး ဖြစ်တယ်လို့ အာဏာပိုင်တွေက သတင်းလွှင့်ခဲ့ပေမဲ့ တောင်သူ အများစုက မိမိတို့ လက်မှတ် မထိုးခဲ့ကြဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ(၃) ရက်နေ့က စက်ရုံဆောက်လုပ်ရေး အတွက် ဒေသခံတွေ နဲ့ ညိုနှိုင်း စည်းဝေးတယ် ဆိုပြီး တောင်သူတွေ မပါဘဲ အစည်းအဝေး လုပ်ခဲ့ပါတယ်။ ထောင့်မရွာက တောင်သူ ဦးဝင်းကြည်က အခုလိုပြောပါတယ်။ "အစည်းအဝေး လုပ်တဲ့အချိန်မှာ လုပ်ငန်းရှင်တွေကို ခေါ်ပြီးတော့ အဆိုသွင်းတာ ထောက်ခံတာဘဲ ဖြစ်တယ်။ ကျတော်တို့ တောင်သူတွေကို မခေါ်တဲ့အတွက် ကျတော်တို့ လုံး၀ မသိရပါဘူး။ ကျတော်တို့ တောင်သူတွေကလည်း ကျတော်တို့ လယ်ယာမြေတွေ၊ မိဘ ဘိုးဘွား ဓါးမဦးချ လုပ်ထားခဲ့တဲ့ လယ်ယာမြေတွေကို ကိုယ်ကိုယ်တိုင်ဘဲ လုပ်ကိုင်ခွင့် ရှိတာပေါ့လေ။ ပလပ်စတစ် စက်ရုံအတွက် ငွေပေးတာတွေ ဘာတွေကို ကျတော်တို့ လုံး၀ လက်မခံနိုင်ပါဘူး။ " အစည်းအဝေးမှာ တောင်သူ မဟုတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက စက်ရုံ ဆောက်လုပ်ရေး သဘောတူကြောင်း တင်ပြသွားတာ ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လက စစ်စရံ ကျေးရွာမှာလည်း အလားတူ ပုံစံမျိုး ဖြစ်ခဲ့ပြီး မကျေနပ်လို့ ကန့်ကွက် ပြောဆိုသူ လယ်သမား ဦးသန်းဦးကို ဦးပိုင် လိမီတက်နဲ့ ထူးကုမ္ပဏီက အလုပ်သမားတွေက ဝိုင်းဝန်း ရိုက်နက်ခဲ့တဲ့ အပြင် နိုင်ငံတော် စီမံကိန်းကို နှောက်ယှက်မှုနဲ့လည်း တရားစွဲ အရေးယူခဲ့ပါတယ်။ ထောင့်မရွာက ယာသမားတွေ ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

0:00 / 0:00