Forum of Burmese in Europe ဥရောပရောက် မြန်မာများရဲ့ (၁၇) ကြိမ်မြောက် ညီလာခံကို ဇူလိုင်လ ၂၉ နဲ့ ၃ဝ နှစ်ရက်ဆက်တိုက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပနေရာမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြဖို့ အလေးထား ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
BDC
လန်ဒန်မှာ ကျင်းပခဲ့တဲ့ Forum of Burmese in Europe ဥရောပရောက် မြန်မာများရဲ့ ၂၀၀၉ ခုနှစ် ညီလာခံ။
ညီလာခံကို တက်ရောက်နေတဲ့ ပဲရစ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုထင်ကျော်က RFA ကို အခုလို ပြောပါတယ်။
“ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ မြန်မာပြည်တွင်းထဲမှာ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့၊ တခြားနိုင်ငံတွေ ဘယ်လို ထောက်ခံမှုအား ပိုရလာမလဲ ဆိုတာကို ဆွေးနွေးတယ်။ နောက်တခုကတော့ မြန်မာပြည်တွင်းထဲမှာ လက်ရှိ ဖြစ်နေတဲ့ စစ်နဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ စစ်ရပ်စဲရေးအတွက် ဘယ်လို ပံ့ပိုးနိုင်မလဲ၊ နောက်တခု ကတော့ မြန်မာနိုင်ငံ အပေါ်မှာ ဥရောပကနေ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ထားရှိနိုင်အောင် ဥရောပက နိုင်ငံတွေကို ဘယ်လို လှုပ်ရှားတောင်းဆိုမလဲ ဆိုတာပေါ့”
ပဲရစ်မြို့က FBE ညီလာခံကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့က ဗီဒီယိုနဲ့ သတင်းစကား ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကိုထင်ကျော်က ...
“ဒေါ်အောင်ဆန်းစုကြည် ကတော့ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေ အဖွဲ့အစည်းတွေ အနေနဲ့ ညီညီညွတ်ညွတ်နဲ့ လုပ်ပေးတာတွေကို သူ့အနေနဲ့ ကျေးဇူးတင်တယ်။ ညီညီညွတ်ညွတ်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြဖို့ အဓိကထား ပြောသွားပါတယ်”
ဒီ FBE ညီလာခံကနေ ဥရောပအစိုးရတွေကို ဆက်လက် တိုက်တွန်းသွားမယ်လို့ သိရပါတယ်။
ပဲရစ်မြို့ က ၁၇ ကြိမ်မြောက် ‘ဥရောပရောက်မြန်မာများ’ ညီလာခံနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုညိုက သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
မှတ်ချက်များ
Click here to add your own comment