ဒီခရီးစဉ်ကို ဆွီဒင်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ဖွ့ံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ဆီဒါ) ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တာဖြစ်ပြီး ၈ ရက်ကြာမှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဆွီဒင်လွှတ်တော်ကို သွားရောက်လေ့လာမှာ ဖြစ်သလို အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဒီခရီးစဉ်မှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က အခုလို ပြောပါတယ်။
“ ဆွီဒင်မှာရှိတဲ့ ဆီဒါအဖွဲ့ကနေပြီးတော့မှ ဖိတ်တာကို လွှတ်တော်ရုံးကနေပြီးတေ့ာ စီစဉ်ပေးတာ ဖြစ်တာပေါ့နော်။ အမျိုးသမီးတွေ ဒီ politic မှာလေ ခေါင်းဆောင်ရေးပေါ့နော်။ အဲဒီသွားလေ့လာဖို့ ဆွီဒင်ပါလီမန်တွေ လေ့လာဖို့ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့တွေ့ဖို့ ပါတယ်။ လူငယ်တွေနဲ့ သူတို့ အကြောင်းတွေပေါ့နော်၊ သူတို့ရှင်းပြဖို့ပါတယ်။ နောက်ပြီးတော့ ဒီလွှတ်တော်မှာ သူတို့ debate လုပ်တာတွေပါတယ်။ ရေဒီယိုနဲ့ တယ်လီဗီးရှင်းကို သွားလေ့လာဖို့ပါတယ်။ အသေးစိတ်တော့ ဟိုရောက်မှ သိမှာပေါ့”
မြန်မာအမျိုးသမီး လွှတ်တော်အမတ်တွေရဲ့ ဆွီဒင်နိုင်ငံ ခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါက်တာ မေဝင်းမြင့် ၊ ဒေါက်တာ လှမြတ်သွေး ၊ ဒေါက်တာဒေါ်သန်းငွေ ၊ ဒေါ်ခင်ဌေးကြွယ် နဲ့ ဒေါ်စန္ဒာမင်းတို့ အပြင် တခြားတိုင်းရင်းသားပါတီက ၄ ဦး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၅ ဦးတို့ ပါဝင်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ လအတွင်းကလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါ်မိမြင့်သန်းတို့ ပါဝင်တဲ့ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ ဥရောပတိုက် နော်ဝေနိုင်ငံကို လေ့လာရေးခရီး သွားရောက်ခဲ့ပါတယ်။
