နိုင်ငံရေးအကျဉ်းသား ကိုဇာဂနာကို ထောင်ဝင်စာ တွေ့လေ့ရှိတဲ့ ခယ်မဖြစ်သူ မငြိမ်းက ဒီအကြောင်းကို သူလည်း ကြားမိကြောင်း RFA ကို ပြောပါတယ်။
"ကြားတာတော့ အမျိုးသမီးအဆောင်ဘက်ပေါ့။ အင်းစိန်ထောင်မှာ အမျိုးသမီးဆောင်တွေက သပ်သပ် ရှိကြတာကိုး။ ၁၆ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် လျှော့ရက်အမိန့်ကို မကျေနပ်လို့ တပတ် ဆန္ဒပြမယ်ဆိုပြီး ကြားတယ်။ ကျမ ထင်တာတော့ နိုင်ငံရေးလည်း ပါမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေက ဒီ လွတ်ငြိမ်းချမ်းသာခွင့်ကို အကုန်လုံး မျှော်လင့်ကြတာ။ မိသားစုတွေရော၊ အကျဉ်းကျနေတဲ့ လူတွေရော။ ဆိုတော့ ဒီထွက်လာတဲ့ အမိန့်ကို ဘယ်သူမှ မကျေနပ်ကြဘူးလေ"
ဆန္ဒပြနေတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ အရေအတွက်ကို အတိအကျ စုံစမ်းလို့ မရသေးပေမယ့် နိုင်ငံရေး အကျဉ်းသူတွေရော၊ တခြား အကျဉ်းသူတွေပါ ဆန္ဒပြရာမှာ ပါဝင်နိုင်ကြောင်း မငြိမ်းက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်တဲ့ စာရင်းတွေအရ အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄ဝဝ ကျော် ရှိပြီး အဲဒီထဲမှာ အမျိုးသမီး အရေအတွက် ၃ဝ ကျော် ပါဝင်ကြောင်း သိရပါတယ်။
ဒီအတောအတွင်း ဆယ်စုနှစ်နဲ့ ချီပြီး အကျဉ်းကျ ခံနေရတဲ့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ပြန်မလွတ်သေးသလို၊ ဟာသ သရုပ်ဆောင်နဲ့ ဒါရိုက်တာဖြစ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဇာဂနာလည်း ပြန် လွတ်မလာသေးတာကို ကြည့်ရင် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုး မဟုတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
(၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင် ဒေါ်ညွန့်နဲ့ ဟာသသရုပ်ဆောင် ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းတို့ရဲ့ အမြင်တွေကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
0:00 / 0:00
