သမ္မတဦးသိန်းစိန်အမိန့်နဲ့မနေ့က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတဲ့စာရင်းဟာ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို တင်ပြထားတဲ့စာရင်းထဲက ၂၀ နီးပါးသာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အတွင်းရေးမှူး ကိုတိတ်နိုင်က RFA ကို ပြောပါတယ်။
အဲဒီကော်မတီနဲ့ တွေ့ဆုံဆွေးနွေးတုန်းက ပထမအသုတ်အနေနဲ့ လွှတ်ပေးဖို့ ပြောပြထားတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းနဲ့ ကွာခြားနေတဲ့အကြောင်း ကိုတိတ်နိုင်က အခုလို ပြောပြပါတယ်။
“လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကနေပြီးတော့ နိုင်ငံရေးအကျဉ်းသား စာရင်းရှိပါတယ်၊ သူတို့ကို ပထမအသုတ်အနေနဲ့ လွှတ်ပေးဖို့ဆိုတာ အားလုံးပေါင်း ၉၃ ဦးပေါ့လေ၊ ဒီနိုင်ငံခြားသား ပါနေတဲ့အခါကျတော့ ဂ၇ ယောက်ကို လွှတ်ပေးဖို့ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်၊ အဲထဲက ၁၉ ယောက်ပဲ ဖြစ်နေတဲ့အခါကျတော့ ကျန်တဲ့လူတွေကို ဘယ်လိုလွတ်ပေးမယ်ဆိုတာ သေသေချာချာမသိရသေးဘူး၊ ခုလွှတ်ပေးလိုက်တဲ့ လူတွေရဲ့စာရင်းကိုတောင်မှ ကျနော်တို့အရင်ကလိုပဲ ကိုယ့်ဘာသာကိုယ် လိုက်ကောက်ယူရတာဖြစ်တယ်”
မနေ့ကညနေပိုင်းက သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၉၃ ယောက် လွတ်မြောက်လာရာမှာ နိုင်ငံရေးအကျဉ်းသား ၅၃ ယောက် ပါရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့က ပြုစုထားတဲ့ စာရင်းအရ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀၀ ခန့် ကျန်နေသေးတယ်လို့ သိရပါတယ်။
ကိုတိတ်နိုင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ကိုဇော်မိုးကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
