နိုင်ငံတော်သမ္မတအမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁၀၁ ဦးရှိပြီး အဲ့ဒီအထဲ မှာ နိုင်ငံရေးအကျဉ်းသား ၅၂ ယောက်ပါရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
လွတ်မြောက်လာတဲ့အထဲက နိုင်ငံရေးအကျဉ်းသားဦးရေကို AAPP ပြန်ကြားရေးတာဝန်ခံ ကိုအောင်မျိုးကျော်က အခုလို ပြောပါတယ်။
"၁ဝ၁ ဦးဆိုတာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ထုတ်ပြန်တဲ့သတင်းကို ကျနော်တို့ ဖေ့ဘုတ်ပေါ်ကနေတွေ့ရတယ်၊ အန်းစိန်ထောင်က ၁၉ ယောက်ပါ၊ တောင်ငူထောင်က ၃ ယောက်ပါ၊ ပြည်ထောင်က ၄ ယောက်ပါ၊ မန္တလေးထောင်က ၁ ယောက်ပါ၊ ညောင်ဦးထောင် ၂ ယောက်ပါ၊ မြစ်ကြီးနားထောင် ၂ ယောက်ပါ၊ ၊ ပူတာအိုထောင် ၁ ယောက်ပါ၊ ဘားအံထောင်က ၁၉ ယောက်ပါ၊ မိတ္ထီလာထောင်က ၁ ယောက်တိုးပါတယ်၊ ၅၂ ယောက်ရှိသွားပါပြီ"
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၉ ယောက်၊ ဘားအံအကျဉ်းထောင်က ၁၉ ယောက်၊ ပြည်အကျဉ်းထောင်က ၄ ယောက်၊ တောင်ငူအကျဉ်းထောင်က ၃ ယောက်၊ ညောင်ဦးအကျဉ်းထောင် ၂ ယောက်၊ မြစ်ကြီးနားအကျဉ်းထောင် ၂ ယောက်၊ ပူတာအိုအကျဉ်းထောင် ၁ ယောက်၊ မန္တလေးအကျဉ်းထောင်က ၁ ယောက်နဲ့ မိတ္ထီလာအကျဉ်းထောင်က ၁ ယောက် ဖြစ်ပါတယ်။
လွတ်မြောက်လာသူအများစုဟာ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ၊ ခွင့်ပြုချက်မပေးတဲ့နေရာမှာ ဆန္ဒပြမှု ပုဒ်မ ၁၉ စတဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချခံရသူတွေ ဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့အတွက် အမှုရင်ဆိုင်နေရဆဲ လက်ပံတန်းထောင် က ကျောင်းသူ ကျောင်းသား ၅၀ ဝန်းကျင်လောက်တော့ လွတ်မြောက်လာခြင်း မရှိသေးပါဘူး။
ဒါ့အပြင် အမှုစစ်ဆေးလို့ ပြီးစီးသွားပြီဖြစ်တဲ့ နော်အုန်းလှ၊ ကိုထင်ကျော်၊ စာရေးဆရာ ထင်လင်းဦးနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့လည်း လွတ်မြောက်လာသူတွေထဲ မပါသေးပါဘူး။
AAPP အဖွဲ့ရဲ့စာရင်းအရ လက်ရှိနိုင်ငံရေး ပြစ်မှုတွေနဲ့ အမှုရင်ဆိုင်နေရသူ ၄၀၈ ဦးရှိပြီး အမှုရင်ဆိုင်ပြီးပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်နေသူ ၇၈ ယောက်ရှိတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
အစိုးရက အကျဉ်းသားလွတ်ပေးမှုနဲ့ ပတ်သက်ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုနေ တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးဘိုကြည်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာကို တဆက်ထဲ နားဆင်နိုင်ပါတယ်။
အလားတူပဲ လက်ပံတောင်း ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရတာကို မျှတတဲ့တရားစီရင်ရေးရဖို့နဲ့ အခြားမြေသိမ်းယာသိမ်းခံရသူတွေ မနစ်နာအောင်ဆောင်ရွက်ပေးဖို့ အကြိမ်ကြိမ်ဆန္ဒပြတောင်းဆိုလို့ ထောင်ချခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်ဟာ အင်းစိန်ထောင်ကနေ ဒီနေ့ပြန်လွတ်လာပါတယ်။
ဦးဘမြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။