ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နန့်ဟန်နဲ့ နန့်ကောက်ကျေးရွာနားက ပြီးခဲ့တဲ့လဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်ပိုင်းထိ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖက်မှာ ကားမောင်းနေတဲ့ ကားသမားတစ်ဦးက တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“အသေအပျောက်တော့ မရှိသေးဘူးခင်ဗျ၊ ဟိုဘက်နဲ့ ဒီဘက်ပစ်ကြတယ်ခင်ဗျ၊ ကျနော်တို့လည်း ထွက်ပြေးလာခဲ့ရတာပဲ ကားမမောင်းရဲဘူး၊ ဒီနေ့မနက် ၉ နာရီလောက်အထိ သေနတ်သံတွေ ကြားသေးတယ်ခင်ဗျ၊ ပစ်နေကြတုန်းပဲ၊ ဘယ်ကပစ်လို့ပစ်မှန်းမသိဘူး၊ ထွက်ပြေးသွားရတာပဲ၊ ဒေသခံတွေရော ဧည့်သည်တွေရော တရုတ်တွေရော ဗမာတွေရော သစ်လုပ်တဲ့သူတွေက ထောင်ချီပြီးရှိတယ်လေ”
တိုက်ပွဲစဖြစ်တာဟာ အစိုးရတပ်က သစ်ခိုးထုတ်တဲ့နေရာကို ဝင်ရောက်ရှင်းလင်းစဉ် ဖြစ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီ မန်စီမြို့နယ် နန့်ဟန်သစ်ကွင်းမှာ တရုတ်ပြည်ဘက် တရားမဝင်တင်ပို့မယ့် သစ်တန်ချိန် ၉၀၀ လောက်ရှိတယ်လို့သိရပြီး အဲဒီအထဲက သစ်တင်ကား ၂၁ စီးပေါ်က သစ်တန်ချိန် ၆၀၀ ကို အစိုးရဘက်က ဖမ်းမိတယ်ထားတယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
ဒါ့အပြင် မန်စီမြို့နယ် ကောင်လွင်ရွာထဲမှာ ကေအိုင်အေတပ်ဖွဲ့က နေရာယူထားပြီး ရွာပြင်မှာ အစိုးရစစ်တပ်က နေရာယူထားတယ်လို့ ကောင်လွင်ရွာသူတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကို RFA ကဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲဖြစ်တာမှန်ကန်ကြောင်း အခုလိုပြောပါတယ်။
“ကျနော်သိထားတာလည်း အဲလိုပဲ၊ သူတို့သစ်ခိုးထုတ်တဲ့ဟာကို လိုက်လံရှင်းလင်းတယ်လို့ပြောတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ သစ်ခိုးထုတ်တယ်ဆိုလို့ ဘယ်သူတွေရှိမလဲ၊ တရုတ်ပဲရှိမှာပေါ့၊ သစ်တွေက ကချင်ပြည်နယ်မှာမှ မရှိတော့တာ၊ အခုရှိတဲ့သစ်တွေက ဘယ်မှာလဲဆိုလို့ရှိရင် စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ဗန်းမော်ခရိုင် အစိုးရအုပ်ချုပ်တဲ့ဒေသ မန္တလေးတိုင်း အထက်ပိုင်း ဒီတဝိုက်မှာပဲရှိတော့တယ်၊ ကချင်ပြည်နယ်က သစ်တွေကကုန်သွားပြီ”
ဒီနေ့ညနေပိုင်း နောက်ဆက်တွဲရရှိတဲ့ သတင်းအရ ဗန်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနရုံးမှာ သစ်ခိုးထုတ်တဲ့ကိစ္စတွေနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံသားအချို့ကို စစ်ဆေးမှုနေတာကို တွေ့ရှိရတယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်း ကချင်ပြည်နယ် မိုးမောက်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ မနေ့က တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ WPN ခေါ် ဝမ်ပေါင်နိန်းတွဲအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်မေရီတွမ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။