လှိုင်သာယာမီး အိမ်ခြေ ၄၀၀ နီးပါး ဆုံးရှုံး

2012-02-06

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားရာမှာ အိမ်ခြေ ၄၀၀ ကျော် မီးလောင် ဆုံးရှုံးသွားပါတယ်။

လှိုင်သာယာမြို့နယ် အလယ်ရွာ ပဒုမ္မာလမ်း အိမ်အမှတ် ၉၀၈ မှာ နေထိုင်တဲ့ ကိုမိုးဇော်နဲ့မခိုင်တို့ အိမ်ကနေ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ဝက်သားတုတ်ထိုးရောင်းဖို့ ချက်ပြုတ်ရာကနေ မီးစလောင်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ မျက်မြင်သက်သေတဦးက အာအက်ဖ်အေကို အခုလိုပြောပါတယ်။

“စလောင်တော့ တဲပုတ်လေးတွေ အိမ်လေးတွေက အရမ်းသေးတဲ့အခါကျတော့ ကျဉ်းကျဉ်း မြောင်းမြောင်းလေးတွေ၊ ဘယ်လိုမှ မီးသတ်ကားတွေက ဝင်လို့မရဘူး။ အိမ်ခြေ ၁၀၀ ကျော်လောင်တဲ့အထိကို မီးသတ်ကားတွေက ဘယ်လိုမှဝင်လို့ မရသေးဘူး။ ချောင်ကြို ချောင်ကြားထဲမှာဆိုတော့ မီးသတ်ကားတွေက ဝင်ရခက်တယ်။ ၁ နာရီလောက်မှာ မီးသတ်ကားတွေ ရောက်လာပြီးတော့ အတင်းတိုးဝှေ့ဝင်ပြီးတော့ ငြှိမ်းတဲ့အခါမှာ ၁ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်”

ဒီမီးလောင်ရာကို ပထမဦးဆုံးရောက်တဲ့ ရွှေပြည်သာ မီးသတ် တပ်ဖွဲ့ကတော့ အိမ်ခြေ ၂၀၀ လောက် မီးထဲ ပါသွားတယ်လို့ ပြောပါတယ်။

ဆုံးရှုံးစာရင်း လိုက်လံ ကောက်ခံတဲ့ ရပ်ကွက် တာဝန်ရှိသူတစ်ဦးကတော့ သွပ်မိုး ပျဉ်ထောင် ၄၃လုံး၊ တဲအိမ် ၃၀၂ လုံး၊ ဓနိမိုးထရံကာ ၇၂ လုံး၊ စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကာ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၁၁၀ ခန့်ရှိတယ်လို့ ပြောပါတယ်၊ ဒီမီးလောင်မှုမှာ သေဆုံးမှုမရှိဘဲ ထိခိုက် ဒဏ်ရာရသူ အနည်းအကျဉ်း ရှိတယ်လို့ သိရပါတယ်။ လောလောဆယ် မီးဘေး ဒုက္ခသည်တွေကို အလယ်ရွာ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းမှာ ထားတယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်