ကျောက်ဖြူပိုက်လိုင်းကလွှတ်တဲ့ သဘာဝဓါတ်ငွေ့ သြဂုတ်လ ၂ ရက်နေ့ တရုတ်ကို စတင်ရောက်ရှိ

မြန်မာနိုင်ငံကနေ သွယ်တန်းတည်ဆောက်ထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းကနေ ပို့လွှတ်လိုက်တဲ့ ပထမအသုတ်ဓါတ်ငွေ့တွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အလယ်ပိုင်းကို မနက်ဖြန် သောကြာနေ့မှာ စတင်ရောက်ရှိမယ်လို့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC ကုမ္ပဏီက ဒီကနေ့ ပြောပါတယ်။

မြန်မာနိုင်ငံက ဓါတ်ငွေ့တွေကို တရုတ်နိုင်ငံအတွင်းပိုင်းမှာ ဖြန့်ဖြူးနိုင်ဖို့ ကီလိုမီတာ၂၃၇၀ ကျော်ရှိတဲ့ ဓါတ်ငွေ့ပိုက်လိုင်းကွန်ရက် စနစ်တစ်ခုကို ဖြန့်ကျက်တည်ဆောက်နေတာ ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး၊ စက်တင်ဘာလမှာ လုပ်ငန်းတွေစတင်လည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကိုရောက်ရှိလာမယ့် သဘာဝဓါတ်ငွေ့တွေဟာ တစ်နေ့ကို ဓါတ်ငွေ့ကုဗပေသန်းပေါင်း ၅ သိန်း ထွက်ရှိတဲ့ ရခိုင်ကမ်းလွန် ရွှေလုပ်ကွက်ကနေ ပို့လွှတ်မှာဖြစ်ပါတယ်။ အဲဒီဓါတ်ငွေ့ပိုက်လိုင်းနဲ့ အပြိုင်သွယ်တန်း တည်ဆောက်နေတဲ့ ရေနံပိုက်လိုင်းကတော့ ၉၈ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး၊ လာမယ့်နှစ်ဇွန်လမှာ ပထမ အသုတ်ရေနံတွေ စတင်သယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ အရှေ့အလယ်ပိုင်းနဲ့ အနောက်အာဖရိကနိုင်ငံတွေက ရေနံစိမ်းတချို့ကို ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းတည်ဆောက်နေတဲ့ ရေနံပိုက်လိုင်းကတဆင့် သယ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းကနေ တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းကနေ သင်္ဘောနဲ့ ရေနံတွေသယ်ယူတဲ့အခါ ပုံမှန်အားဖြင့် ၄၆ ရက်လောက်ကြာပြီး၊ အနောက်အာဖရိကနိုင်ငံတွေကနေ သယ်ယူတဲ့အခါ ၆၅ ရက်ကြာတယ်လို့ ဆိုပါတယ်။ ကျောက်ဖြူကနေ ယူနန်ပြည်နယ်အထိ ပိုက်လိုင်းနဲ့သယ်ယူမယ်ဆိုရင်တော့ သုံးလေးဆလောက် ခရီးကြုံ့သွားပြီး သီတင်းနှစ်ပတ်လောက်နဲ့ ရောက်ရှိမှာ ဖြစ်ပါတယ်။