ပင်လယ်ထွက်မည့် ရေလုပ်သားများ ကြံ့ဖွံ့ ပါတီကို ကြိုတင်မဲပေးခဲ့ကြရ

တနင်္သာရီတိုင်းအတွင်း ပင်လယ်ပြင် ငါးဖမ်းထွက်ကြတဲ့ ရေလုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးခိုင်းရာမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ မဲမပေးရပဲ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ရှေ့မှာပဲ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ခြင်္သေ့တံဆိပ်ကိုသာ မဲပေးခဲ့ကြရတယ်လို့ လှေလုပ်သားတွေက ပြောပါတယ်။

2010.10.28
USDP_party_election_305_z မြန်မာစစ်အစိုးရက အားပေး ထောက်ပံ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်မြို့ရှိ မြို့နယ်ရုံးခွဲတခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ကော့သောင်းမြို့နယ်အတွင်း ပင်လယ်ပြင်ငါးဖမ်းထွက်မဲ့ ရေလုပ်သားတွေကို အောက်တိုဘာလ ၂၇ ရက် မနေ့က စပြီး မြို့နယ်အတွင်း ရပ်ကွက်ရုံးတွေမှာ ဖွင့်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ ရွေးကောက်ပွဲ ကြိုတင်မဲပေးပြီးမှ ခွင့်ပြုကြောင်းနဲ့ မဲပေးတဲ့နေရာမှာ ရပ်ကွက်ကော်မရှင် အတွင်းရေးမှူးက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ပြောဆိုပြီး မဲထည့်ခိုင်းတယ်လို့ သိရပါတယ်။

ရွှေပြည်သာရပ်ကွက်မှာ ကိုယ်တိုင် ကြိုတင် မဲထည့်ပေးခဲ့ရတဲ့ အတွေ့အကြုံကို လှေလုပ်သားတဦး က RFA ကို အခုလို ပြောပါတယ်။

“ကျနော် ခါတိုင်းမျိုးလိုပေါ့ဗျား၊ ငါးဦးစီးမှာ လက်မှတ်သွားထိုးတာပေါ့၊ လှေထွက်ဖို့လေ၊ သွားထိုးတော့ အဲဒါ မထိုးပေးဘူးပေါ့၊ မထိုးပေးပဲနဲ့ သူတို့က ရပ်ကွက်ရုံးရဲ့ ထောက်ခံစာပါမှသာလျှင် သူတို့ ထိုးပေးမယ်ဆိုတဲ့ အကြောင်းကို ကျနော့်ကို ပြန်လွှတ်လိုက်တာပေါ့။ ရပ်ကွက်ရုံးမှာ ထောက်ခံစာ သွားယူဆိုပြီး အဲလိုမျိုး ပြော လိုက်တာ၊ ရပ်ကွက်ရုံးမှာ ကျနော် ထောက်ခံစာ လာယူတော့ ရပ်ကွက် ရယက ကနေပြီးတော့ပေါ့နော်၊ ထောက်ခံစာ လိုချင်ရင် မဲထည့်ရမယ်ပေါ့၊ မဲထည့်ဆိုလည်း မဲထည့်ပေါ့၊ ထည့်ပေးမယ်ပေါ့၊ ထည့်ပေးမယ်ဆို သူတို့အရှေ့ မှာပဲ တခါတည်း ခြစ်ခိုင်းတာခင်ဗျ၊ ခြင်္သေ့လောက်ပဲ ခြစ်ရမယ်၊ ခြင်္သေ့ပဲ မဲပေးရမှာပေါ့ဗျာ၊ ရပ်ကွက် အတွင်းရေးမှူးလည်း ဟုတ်တယ်ခင်ဗျ၊ အခု လက်ရှိ ကော်မရှင်ရဲ့ အတွင်းရေးမှူးလည်း ဟုတ်တယ်၊ ဦးစိုးသန်းအောင် ခေါ်တယ်ခင်ဗျ၊ သူပြောတာခင်ဗျ။”

အလားတူ အေးရိပ်ငြိမ်ရပ်ကွက်မှာ နေထိုင်တဲ့ လှေဦးစီးမှူးတဦးကလည်း ကြိုတင်မဲထည့်ပေးခဲ့ရပုံနဲ့ ကြံ့ခိုင် ဖွဲ့ဖြိုးရေး ပါတီကို မဲမထည့်ရင် လှေလိုက်ခွင့် ပြုမှာမဟုတ်ဘူးလို့ ရယက အဖွဲ့ဝင်တွေက ပြောတာကြောင့် ကြံ့ဖွံ့ပါတီရဲ့ ခြင်္သေ့တံဆိပ်ကိုပဲ မဲထည့်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ရယက ရုံးမှာ ကော်မရှင်ပါတယ်၊ နောက်ပြီးတော့ ကျနော်တို့ ရယက အတွင်းရေးမှူး တယောက် ပါတယ် ပေါ့နော်၊ နောက်ပြီးတော့ စာရေးမ တယောက် အဲဒီမှာ သူတို့ဆီမှာ ဒီ တစညနဲ့ ကျနော်တို့ ပြည်ခိုင်ဖြိုးရဲ့ သင်္ကေတပါတဲ့ မဲလက်မှတ်ပေါ့နော်၊ အဲ့ဒါကို ထုတ်ပေးတယ်၊ ထုတ်ပေးပြီးတော့ သူတို့ရှေ့မှာပဲ ပေးရတယ်၊ လျှို့ဝှက်မဲပေးခန်းတွေ ဘာတွေ မရှိဘူးလေ၊ အဲဒီ သူတို့ရှေ့မှာ ပေးရတယ်၊ ပေးရတဲ့အချိန်မှာ သူတို့က ကော်မရှင်က နေပြီးတော့ ခြင်္သေ့ကို ပေးဖို့ပေါ့နော်၊ ခြင်္သေ့ကို ပေးပါပေါ့၊ မဲက သုံးခု ခင်ဗျ၊ အဲ့ဒါကို ပေးခဲ့ရတာပေါ့ အစ်ကိုရာ၊ မပေးပဲတော့ မရဘူး၊ မပေးဘူးဆိုရင် သူက ထောက်ခံချက်မှာ လှေသားစာရင်း ပါတယ်၊ လှေသားစာရင်းကို သူမထည့်ပေးနိုင်ဘူးပေါ့နော်၊ မထည့်ပေးဘူးဆိုရင် လှေလိုက်ခွင့် မရတော့ဘူးပေါ့၊ ထောက်ခံချက်ထဲမှာ မပါဘူး ဆိုတော့လေ။”

မြိတ်မြို့နယ်မှာလဲ မြိတ်တောင်နယ်မြေ အတွင်းမှာ ရှိတဲ့ ရပ်ကွက်ကျေးရွာတွေမှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ၊ မီးသတ်၊ ရယက၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး စတဲ့အဖွဲ့ဝင်တွေက တရပ်ကွက်ကို ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအတွက် မဲ တထောင့်ငါးရာ ပြည့်အောင် ထည့်ပေးရမယ်ဆိုပြီး အခု ရက်ပိုင်းအတွင်း တအိမ်တက်ဆင်း ကြိုတင်မဲတွေ လိုက်လံ ကောက်ခံနေတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ကိုမျိုးအောင်က RFA ကို ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။