ဆိတ်ဖြူနယ် ရေဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်ဆဲ

မကွေးတိုင်း ဆိတ်ဖြူမြို့နယ်က ရေဘေး ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး အကူအညီတွေ တစ်စတစ်စ ရောက်ရှိလာပေမယ့် ရေဘေးဒဏ် အဆိုးဝါးဆုံး ကြုံတွေ့ရတဲ့ ရွာတွေမှာ အကူအညီ လိုအပ်နေတုန်းပဲ ဖြစ်ပြီး အိမ်တွေ ရေမျောပါသွားလို့ ဒုက္ခသည် တချို့ဟာ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ရွာတွေမှာ နေထိုင် နေရတုန်းပဲလို့ သိရပါတယ်။

မိုးသည်းထန်ပြီး ယောချောင်းရေ တက်လာတဲ့အတွက် ချောင်း တလျှောက်က ရွာတွေ ရေဘေး ကြုံရပါတယ်။ ပထမပိုင်းမှာ ကယ်ဆယ်ရေး အကူအညီတွေ ရောက်မလာတဲ့အတွက် ဆိတ်ဖြူမြို့ပေါ်နဲ့ အနီးအနားက စေတနာရှင်တွေကပဲ ရေဘေး ကယ်ဆယ်ရေး လုပ်ရတယ်လို့ စေတနာရှင် တစ်ဦးက ပြောပါတယ်။ “ပထမတစ်ရက် နွံနစ်တယ်။ ဒုတိယတစ်ရက် အထိ သူတို့ဘက်က လှုပ်ရှားမှု မရှိတဲ့ အတွက် တတိယနေ့မှာ ရွာကလူတွေနဲ့ စုစည်းပြီး သွားကြတာပါ။ ကျနော်တို့လိုပဲ စေတနာရှင် လူငယ်တွေ စုသွားကြပါတယ်။ တချို့ရွာတွေဆို ဆိုးဆိုးရွားရွားနဲ့ကို တွေ့ရပါတယ်။ တချို့ရွာဆို အိမ်ခြေ ၈၀ မှာ ၆ လုံးလောက်ပဲ အိမ်တိုင် ကျန်ခဲ့တာရှိတယ်။” ဆိတ်ဖြူမြို့နယ် အဆုံးမှာရှိတဲ့ အင်းရွာ အလယ်တန်းကျောင်းမှာ အဆောက်အအုံ လေးလုံးရှိပြီး နှစ်လုံးက ပြိုသွားတယ်လို့ အဲဒီရွာကို ရောက်ခဲ့တဲ့ မန္တလေးမြို့က ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကျန်တဲ့ အဆောက်အအုံ နှစ်လုံးကလည်း ပြိုလုနီးပါး ဖြစ်နေပြီလို့ ဆိုပါတယ်။ နောက်ပိုင်း ရက်တွေမှာ ရေဘေး ကယ်ဆယ်ရေး ကွပ်ကဲရေးရုံးက ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်တဲ့အခါ ကြံံခိုင်ဖွံ့ဖြိုးရေး အလံတွေ ထူပြီး သွားရောက် လှူဒါန်းတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုယ်ထူကိုယ်ထ လှူဒါန်းတဲ့ လူတွေကိုလည်း သက်ဆိုင်ရာက ကန့်သတ်ချင်တဲ့ သဘောရှိပေမယ့် သွားရခက်တဲ့ ရွာတွေကို အရောက်သွား လှူဒါန်းရတယ်လို့ စောစောက စေတနာရှင်က ပြောပါတယ်။ “နှောက်ယှက်တယ် ဆိုတာက ကျနော်တို့က လူသူ အရောက်အပေါက် နည်းတဲ့ ရွာတွေကို သွားချင်တယ်။ သူတို့က ဟိုရွားသွာ ဒီရွာသွားလုပ်တယ်။ ကျနော်တို့က အဲဒီရွာတွေ ရောက်ပြီးပြီ ပြောတော့လည်း သူတို့ ရောက်ပြီးပြီ ပြောတယ် တကယ်က ဘယ်သူမှ မရောက်သေးဘူး။ ကျနော်တို့ မနက် ၉ နာရီက သွားတယ်။ အဲဒီရွာတွေကို ညနေ ၅ နာရီမှ ရောက်တယ်။ ဘယ်သူမှ အကူအညီ လာမပေးသေးတာ တွေ့ရတယ်။” ရေကျသွားပြီး ရွာတွေမှာ ရွှံ့ညွန်တွေ ဒူးဆစ်လောက် တင်ကျန်ရစ်တဲ့အတွက် ရွာတွေဆီ ခက်ခက်ခဲခဲ သွားရတယ် လို့လည်း ပြောပါတယ်။