မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ရေဘေး ဒုက္ခသည်စခန်းတွေဖြစ်တဲ့ ကန်သာယာ၊ ဖိုးလကြီးစတဲ့စခန်း ၄ ခုကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အဝတ်အထည်၊ ဆန်နဲ့ အလှူငွေတွေကို ဒီကနေ့ သွားရောက်လှူဒါန်းကြပါတယ်။
ဘီးလင်းမြို့နယ်ဟာ နှစ်တိုင်းလိုလို ရေဘေးဒဏ်ကို ခံစားရတာကြောင့် အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကိုပြောပါတယ်။
"ဘီးလင်းမှာ ရေကနှစ်တိုင်းတက်တယ်၊ ဒီနှစ်ကတော့ ဆိုးဆိုးရွားရွားတက်တယ်၊ ကျွန်တော်ဖြစ်စေချင်တာက ဒီနေရာဟာ ဂရုစိုက်ရမယ့်နေရာ ဖြစ်လာပြီ၊ နှစ်တိုင်း နှစ်တိုင်း ဖြစ်နေတဲ့အခါ ကျွန်တော်ဖြစ်စေချင်တာက ရေကြီးပြီဆို ဒီမှာရှိတဲ့ လုပ်သားပြည်သူတွေ၊ မိသားစုတွေကို ဘယ်လိုအချိန်မှာ ဘေးလွတ်ရာ ဘယ်နေရာကို ရွှေ့မလဲ၊ ကျန်းမာရေးအရ ပြုစုစောင့်ရှောက်မှုထားမလဲ၊ ဘယ်အချိန်ပြန်ပို့မလဲဆိုတဲ့ စနစ်တကျ စီမံခန့်ခွဲမှုကို ပြင်ဆင်သင့်ပြီလို့ ကျွန်တော်ထင်တယ်"
ဒီနှစ်ဘီးလင်းမြို့ရဲ့ ရေကြီးမှုဟာ ၁၉၉၇ နောက်ပိုင်း အဆိုးရွားဆုံးခံစားရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီစတဲ့မြို့တွေမှာလည်း ရေကြီးတာကြောင့် ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားရပါတယ်။
