မြောက်ဦးမြို့နယ်မှာ စစ်တပ်က အဓမ္မခိုင်းစေမှု ILO ကို တိုင်ကြား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လယ်သမားတွေကို ဒေသခံစစ်တပ်က အဓမ္မ ခိုင်းစေနေတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့အခြေစိုက် ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ တိုင်ကြားလိုက်ပါတယ်။

မြန်မာ့တပ်မတော် ခမရ (၃၇၇) နဲ့ (၃၇၈) က ၁၉၉၇-၉၈ လောက်ကတည်းက မြောက်ဦးမြို့နယ် မြက်ရိတ်ကျွန်းကျေးရွာအုပ်စု၊ မောင်သာကုန်းရွာတဝိုက်မှာ ဓားမဦးချ လုပ်ကိုင် စားသောက်နေတဲ့ လယ်မြေ ဧက ၂၅၀ လောက်ကိုသိမ်းပြီး၊ အဲဒီလယ်သမားတွေကိုပဲ တဧက စပါး ၅ တင်းနှုန်းပေးမှ စိုက်ပျိုးခွင့်ရမယ်ဆိုပြီး သီးစားခနဲ့ ပြန်လုပ်ခိုင်းထားတာပါ။

အခု ၂၀၁၀-၂၀၁၁ ခုနှစ်မှာတော့ အရင်က ပေးနေရတဲ့ နှုန်းကနေ ထပ်တိုးပြီး တဧက တင်း ၅၀ ပေးမှ စိုက်ပျိုးခွင့်ရမယ်ဆိုတာကို စာချုပ်တွေ ချုပ်ဆိုပြီး ခိုင်းစေနေတဲ့အတွက် လယ်သမားတွေ မခံမရပ်နိုင် ဖြစ်ပြီး NLD ကို လာတိုင်ကြတာပါ။

ဒီအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ညွှန်ကြားချက်အရ အဓမ္မ စေခိုင်းမှုပပျောက်ရေး ဆောင်ရွက်နေတဲ့ ဦးသက်ဝေတို့က လိုက်လံဆောင်ရွက်ပေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒီကနေ့ တင်ပြတဲ့ မြောက်ဦးမြို့နယ် အမှုကို ရန်ကုန် ILO ရုံးက လက်ခံထားလိုက်ပါတယ်။ ဒီအမှုမှာ သက်သေ အထောက်အထား ခိုင်လုံတယ်လို့ စုံစမ်းစစ်ဆေး တွေ့ရှိခဲ့မယ်ဆိုရင် ILO အဖွဲ့အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး လယ်သမားတွေ ပြေလည်အောင် အရေးယူ ဆောင်ရွက်ပေးမဲ့အကြောင်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။