သံတမန်လမ်းကြောင်းမှသာ ကူညီရမယ်လို့ မြန်မာကြေညာ

အာဆီယံနိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အကူအညီတွေပေးအပ်လိုရင် သံတမန် လမ်းကြောင်းကနေ ကြိုတင်အကြောင်းကြားဖို့လိုကြောင်း မြန်မာအစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါ့အပြင် အခွန်ကင်းလွတ်ခွင့်ကိစ္စအတွက် အဲဒီလို အကူအညီပေးမယ့်စ္စည်း အမျိုးအစားနဲ့ အရေအတွက်တွေကို ကြိုတင်အသိပေးရမှာဖြစ်ပြီး အကူအညီပေးရာမှာလည်း ရခိုင်ပြည်နယ်ရှိ အသိုင်းအဝန်းနှစ်ခုလုံးကို ခွဲခြားမှုမရှိဘဲ ပေးရန်လိုတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ အာဆီယံနိုင်ငံတွေအနေနဲ့ ငွေကြေး လှူဒါန်းလိုချင်ရင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှာ ရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ငွေစာရင်းကို ပေးပို့လှူဒါန်းနိုင်ကြောင်းနဲ့
အခုလို လိုက်နာရန်လိုအပ်ချက်တွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက် နေ့စွဲနဲ့ အာဆီယံ သံရုံးတွေကို အကြောင်းကြားခဲ့ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ဇန်နဝါရီ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ
ဖေါ်ပြထားပါတယ်။