ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ

မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။

အဲဒီအဖွဲ့တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေးအဖွဲ့နဲ့ ဗြိတိန်အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ မြန်မာနယ်စပ်အနီး Cox's Bazaar ခရိုင်တွင်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေတာကို ဆိုင်းငံ့ဖို့ အစိုးရက ပြောတာလို့ ဒေသ အုပ်ချုပ်ရေးမှူး Joymul Bari က AFP သတင်းဌာနကို ပြောသွားပါတယ်။

အကူအညီပေးရေး အဖွဲ့တွေဟာ စာရွက်စာတမ်း အထောက်အထားမရှိတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို တရားမဝင် ပံ့ပိုးကူညီ ပေးနေကြတာ ဖြစ်တယ်လို့လည်း Mr. Bari ကပြောပါတယ်။

ဒီအဖွဲ့တွေဟာ ၁၉၉၀ ပြည့်ုနှစ် ကာလထဲက Cox's Bazaar ခရိုင်ထဲက ဒီဒုက္ခသည်တွေကို ကျန်းမာရေး၊ လေ့ကျင့်ရေး၊ အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေကို ကူညီ ပံ့ပိုးပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်ပါတယ်။