မြန်မာပြည်အခြေစိုက် နိုင်ငံခြားသံအမတ်ကြီးတွေနဲ့ သံအရာရှိတွေ၊ ကမ္ဘာ့ဘဏ်အပါအဝင် ကုလသမဂ္ဂရဲ့ မြန်မာ ဌာနေကိုယ်စားလှယ်တွေ စုစုပေါင်း ၅၀ ဝန်းကျင်ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို ရဟတ်ယာဉ် သုံးစီးနဲ့ ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။
မြန်မာအစိုးရရဲ့ ဖိတ်ခေါ်မှုနဲ့ သွားရောက်ကြတာဖြစ်ပြီး အဲဒီခရီးစဉ်မှာ အမေရိကန်၊ မလေးရှား၊ ဒိန်းမတ်၊ အစ္စရေး၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ အီးယူ၊ ပါကစ္စတန်၊ ထိုင်း၊ အိန္ဒိယ စတဲ့နိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ အတူ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေလည်း လိုက်ပါသွားခဲ့ကြတာပါ။
ခရီးစဉ်အတွင်း မောင်တောမြို့နယ်က ခမောင်းဆိပ်၊ နူရူလာ၊ ရွှေဇားစတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ တဲ့ကျေးရွာတွေကို သွားရောက်ခဲ့ကြသလို ပြဿနာ တစ်စုံတရာ မဖြစ်ပွားခဲ့တဲ့ ပန်းတောပြင် မွတ်စလင်ကျေးရွာ ကိုလည်း သွားရောက်ခဲ့ကြပါတယ်။
မောင်တောမြို့နယ်အတွင်းက ကျေးရွာအတော်များများကို လမ်းကြောင်းတွေအသီးသီးခွဲပြီး သွားရောက်ခဲ့ကြ တာjဖစ်ပြီး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ကြသလို မွတ်စလင်တွေ၊ ရခိုင်၊ ဒိုင်းနက်၊ ကသည်း၊ မြို စတဲ့ ဒေသခံ တိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ညနေပိုင်းမှာတော့ ရသေ့တောင်မြို့နယ်က အနောက်ပြင်မွတ်စလင်ကျေးရွာကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေဟာ အင်မတန်မှ ကြီးမားလွန်းလှတယ် လို့ ခရီးစဉ်မှာလိုက်ပါသွားခဲ့တဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်သုံးဦးက ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြ ပါတယ်။
ပဋိပက္ခတွေဖြစ်ပွားအပြီး နှစ်ဖက်ဒုက္ခသည်တွေရှိရာမှာ ကုလသမဂ္ဂဟာ မွတ်စလင်တွေကိုသာ ဘက်လိုက်ပြီး အကူအညီတွေပေးနေတယ်လို့ မြန်မာနိုင်ငံတွင်းက လူအများက ယူဆနေကြပြီး ကူညီရေးအဖွဲ့တွေအပေါ် မကျေနပ်မှုတွေ တိုးပွားလာနေရာမှာ အခုခရီးစဉ်ဟာ နှစ်ဖက်ကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာစေတဲ့၊ အပြု သဘောဆောင်တဲ့ ခြေလှမ်းတရပ်အဖြစ် ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။