မြန်မာ့ရွေးကောက်ပွဲ နိုင်ငံခြား သတင်းထောက် ၂၉ဝ ကျော် လာမည်

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ လာရောက် သတင်းယူကြမယ့် နိုင်ငံခြားသတင်းထောက် ၂၉၁ ယောက်ရှိ ပြီး၊ လေ့လာစောင့်ကြည့်ကြမယ့် နိုင်ငံခြားသားလေ့လာသူပေါင်း တစ်ထောင်ကျော်ရှိတယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

နိုင်ငံခြား သတင်းထောက်တွေနဲ့ လေ့လာသူတွေအတွက် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ဝေပေးခဲ့ပြီးဖြစ်တယ် လို့လည်းပြောပါတယ်။

ရွေးကောက်ပွဲလေ့လာဖို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေ၊ နိုင်ငံတကာ သံရုံးတွေက လေ့လာသူတွေ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ရွေးကောက်ပွဲ ကော်မရှင် ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ ဒီမိုကရေစီ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဗဟို ပြန်ကြားရေးဌာနတစ်ခုကိုလည်း နေပြည်တော်မှာ ဖွင့်လှစ်မှာဖြစ်ပြီး၊ရွေးကောက်ပွဲရလဒ်တွေကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့အတူ ပူးတွဲ ကြေညာမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။