မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမား ၉၇ ယောက်ကို ကူညီဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမား ဝန်ကြီးဌာနတို့က မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
နေပြည်တော် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနမှာကျင်းပတဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီး RFA က မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဦးရဲထွဋ်က အခုလိုပြောတာပါ။
"ဆာရာဝပ်ပြည်နယ်ဆိုတာ ဒီမလေးရှား ကျွန်းမကြီးမှာ မဟုတ်ဘူး၊ ဘရူနိုင်းနဲ့ကပ်တဲ့ နယ်စပ်မှာဖြစ်တယ်၊ ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ ပထမက မလေးရှား ကွာလာလမ်ပူမှာ ဒီအလုပ်သမားကောင်စစ်ဝန် တစ်ယောက်ရှိတယ်၊ ပြီးတော့ရှိရင် ဒီအလုပ်သမားတွေအတွက် ပတ်စ်ပို့ကိစ္စတွေလုပ်ဖို့အတွက် နိုင်ငံခြားရေးရုံးကလူ ၁ဝ ယောက်ကျော် ရောက်နေတာရှိတယ်၊ အဲဒီအဖွဲ့တွေကလည်း မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်၊ နောက်အနီးဆုံးမှာရှိနေတဲ့ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးကလည်း အဲဒီဒေသကိုသွားဖို့အတွက် မနေ့ကစပြီး ဆက်သွယ်ဆောင်ရွက်နေတယ်၊ ကျနော်ထင်တယ်၊ ဒီနေ့လောက်ဆိုရင်တော့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရပြီးတော့မှ လိုအပ်တဲ့အကူအညီတွေ ပေးနိုင်မယ်လို့ထင်တယ်"
ဒါပေမဲ့ ဒီညနေ ၇ နာရီအထိတော့ ဘာအကူအညီမှ မလာသေးဘူးလို့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။
နောက်ဆုံးအခြေအနေကို RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။