တရားမဝင်သစ်ခိုးထုတ်တာတွေကို ဖမ်းဆီးတဲ့ သစ်တောဝန်ထမ်းတွေ လုံခြုံရေးအတွက် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ အင်အား ၂၀၀ ကျော်ကို တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ တိုးမြှင့်တာဝန်ပေးလိုက်ပါတယ်။
အဲဒီလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ သစ်တောမှုခင်းတွေဖမ်းဆီးရာမှာ ဝန်ထမ်းတွေရဲ့ လုံခြုံရေးယူ ပေးဖို့ဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ရှမ်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေက သစ်တောဝန်ထမ်းတွေအတွက် လုံခြုံရေးအင်အားကို တိုးချဲ့ထားတာဖြစ်ပါတယ်။
လတ်တလော တာဝန်ချထားပေးတဲ့ ရဲတပ်ဖွဲ့အင်အားကို စိစစ်ပြီး လိုအပ်တဲ့နေရာတွေမှာ အင်အား အတိုးအလျှော့ လုပ်ဆောင်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဲ့ဒီသစ်တောလုံခြုံရေးရဲတပ်ဖွဲ့ကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
