ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ “သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ကျော်ဇော” စာအုပ်မိတ်ဆက်ပွဲကို ဒီနေ့ ရန်ကုန်မြို့ မြန်မာမီဒီယာ စာကြည့်တိုက် Myanmar Media Library မှာ ကျင်းပခဲ့ပါတယ်။

ဒီနေ့ စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ကိုမိုးသီးဇွန်က အခုလို အမှတ်တရစကားပြောကြားခဲ့ပါတယ်။

"ကျနော်တို့ကို စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့လူတွေ၊ သူ့ရဲ့အဓိကပေးချက်က စစ်ရေးအရ ပြောင်မြောက်တဲ့စွမ်းဆောင်ချက်တွေ၊ ဒါပဲလားဆိုတော့ သူ့ရဲ့အကျင့်စာရိတ္တဖြောင့်မတ်မှု၊ အဲဒါတွေပဲ ကျနော်တို့ကကြားပါတယ်၊ လူချင်းမတွေ့လိုက်ရဘူး၊ ဒီစိတ်ဓာတ်တွေနဲ့ ကျနော်တို့က လူလားမြောက်လာတယ်၊ သူတို့ရဲ့စိတ်ဓာတ်ခွန်အားဟာ ကျနော်တို့ဖြစ်လာတယ်၊ ကျနော်တို့လူငယ်တွေအတွက် ဒီနေ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ စွမ်းအားတွေပေးခဲ့တယ်"

ဒီစာအုပ်ထဲမှာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ မိသားစုဝင်တွေ ၊ မိတ်ဆွေတွေရေးတဲ့ဆောင်းပါးတွေ ပါဝင်သလို ဝန်ကြီး ဦးအောင်မင်းလက်မှတ်နဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန အမှတ် ၄ ရဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကွယ်လွန်ခြင်း ဝမ်းနည်းကြောင်းအထိမ်းအမှတ် ထုတ်ပြန်ချက်ပါဝင်ပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၁၀ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကွယ်လွန်သွားခဲ့တာပါ။