လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့နဲ့ Generation Youth အဖွဲ့ဝင်တချို့ ကို ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွေက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။
အခုလို အမှုဖွင့်တရားစွဲဆိုလိုက်တာနဲ့ ပတ်သက်လို့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇေယျာက ခုလိုပြောပါတယ်။
"ပြည်သူကို အသိမပေးဘဲနဲ့ ဒီလိုမျိုးလုပ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဒါကိုကန့်ကွက်ကြောင်း ဆန္ဒပြကြတယ်၊ ဆန္ဒပြတာ ခွင့်ပြုချက်မယူဘဲပြတဲ့အတွက ် ပုဒ်မ ၁၈ နဲ့ အရေးယူမယ်လို့ ကျနော်တို့ကို ပြောပါတယ်၊ ခင်ဗျားတို့ကို ကျနော်တို့ ခံဝန်ပေးမယ်၊ ခင်ဗျားတို့ ယူနိုင်မလားလို့မေးတယ်၊ ကျနော်တို့ကရတယ်၊ ခံဝန်ယူမယ်လို့ပြောလိုက်တယ်၊ ပြီးတော့ ကျနော်တို့ ကိုယ်ပိုင်ခံဝန်နဲ့ပဲ ပြန်လွတ်လာတယ်"
မီတာခတိုးမြှင့်သတ်မှတ်လိုက်တာကို ကန့်ကွက်ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က မနေ့ညနေက သိမ်ကြီးဈေးရှေ့မှာ လက်ကမ်းစာရွက်တွေဝေခဲ့ပြီး ညဦးပိုင်းမှာတော့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့နဲ့ Generation Youth အဖွဲ့တို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဖယောင်းတိုင်တွေထွန်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီလိုဆန္ဒပြခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုဇေယျာ၊ ကိုသိန်းအောင်မြင့်၊ ကိုတင်မောင်ကြည်၊ ကိုနောင်နောင်တို့ကို ပန်းဘဲတန်းမြို့နယ်ရဲစခန်းက ခွင့်ပြုချက်မယူဘဲဆန္ဒပြလို့ဆိုပြီး ပုဒ်မ ၁၈ နဲ့အမှုဖွင့်တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ Genration Youth အဖွဲ့ဝင် ကိုတင်ထွဋ်ပိုင်နဲ့ ကိုသိန်းအောင်မြင့်ကိုလည်း ကျောက်တံတားရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒီနေ့ညမှာလည်း အဲဒီအဖွဲ့တွေက ပြည်သူများနဲ့အတူ ရန်ကုန်မြို့ မြေနီကုန်းကနေ အလုံမြို့နယ် လျှပ်စစ်ဝန်ကြီးဌာနရုံးအထိ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
မနေ့ညက ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
အစိုးရက လျှပ်စစ်မီတာခတွေ ရုတ်တရက်တိုးမြှင့်လိုက်တဲ့အတွက် ပေါ်ပေါက်လာတဲ့ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့အမြင်တွေကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အခုလို မီတာခတွေ နှစ်ဆနီးပါး ရုတ်တရက် တိုးမြှင့်လိုက်ရတာနဲ့ပတ်သက်လို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ လျှပ်စစ်မီးအပြည့်အဝရရှိရေး၊ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍ ရေတိုရေရှည် မူဝါဒအစီအမံတွေနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ကုလသမဂ္ဂ အရာရှိဟောင်း ဒေါက်တာအောင်ထွန်းသက်ကို RFA အဖွဲ့သား ဦးကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
