ထိုင်းဂြိုဟ်တုဖုန်း ကိုင်သူတချို့ ဘီးလင်းမြို့မှာ ဖမ်းဆီးခံရ

ပြည်ပမီဒီယာတွေကို သတင်းပို့ဖို့ တရားမဝင် ဂြိုဟ်တုဖုန်း အိပ်ချိန်း လုပ်နေတယ်ဆိုပြီး မွန်ပြည်နယ် ဘီးလင်းမြို့က ဂြိုဟ်တုဖုန်း ကိုင်ဆောင်ထားသူ လေးဦးကို ပြီးခဲ့တဲ့ အပတ်က အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရှိရပါတယ်။ ဒီလူတွေကို မြန်မာဆက်သွယ်ရေး လုပ်ငန်းဥပဒေကို ချိုးဖောက်မှုနဲ့ အာဏာပိုင်တွေက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်အစိုးရရဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ပြည်ပကို ခေါ်ဆိုခနှုန်းထားတွေက အလွန်ဈေးကြီးတဲ့ အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ ကျောင်းသားတွေဟာ ဂြိုဟ်တုဖုန်း အိပ်ချိန်းတွေကတဆင့် ခေါ်ဆိုကြတယ်လို့ သိရပါတယ်။

ဂြိုဟ်တုဖုန်း အိပ်ချိန်းသမားတွေဆီကနေ မြန်မာပြည်ကို ခေါ်ဆိုတာဟာ တမိနစ်ကို ထိုင်းဘတ်ငွေ လေးဘတ်ပဲ ပေးရပြီး လကုန်မှပဲ ရှင်းရတယ်လို့ ဗန်ကောက်မှာ ကျောင်းတက်နေသူ မြန်မာကျောင်းသူတဦးက ပြောပါတယ်။

အခုအခါမှာ မွန်ပြည်နယ်ရှိ တခြားမြို့တွေက ဂြိုဟ်တုဖုန်း ကိုင်ဆောင်သူတွေနဲ့ မွန်ပြည်နယ်မှာ သုံးလို့ရတဲ့ ထိုင်းနိုင်ငံက ကတ်ဖုန်း ကိုင်ဆောင်သူတွေကိုလည်း ရဲတွေက အပူတပြင်း ရှာဖွေ ဖော်ထုတ် ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။