ကျောက်ပန်းတောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က စာသင်ကျောင်း လေးကျောင်းနဲ့ ဈေးထဲမှာ နှာခေါင်းစည်း တထောင်လောက်ကို အောက်တိုဘာ ၅ ရက် မနေ့က အခမဲ့လိုက်ပြီး ဝေငှပေးခဲ့သလို နေပြည်တော်က ဆရာဝန်ကြီး တချို့ လာရောက်ကုသပေးနေတယ်လို့ အဲန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေးမှူး ကိုအေးခိုင်က RFA ကို ပြောပါတယ်၊
“နှစ်ဦးကတော့ ရိုးရိုးသွေးလွန်တုပ်ကွေး၊ နှစ်ဦးကတော့ ဦးနှောက်အမြှေးပါးရောင်၊ အဲဒါကို သူတို့လည်း တရားဝင်ပြောတယ် နေပြည်တော်ကနေလာတဲ့ ဆရာဝန်ကြီးတွေရယ်၊ အရာရှိတွေရော၊ ဆရာဝန်တွေရော ဒီမှာ ရောက်နေတယ်။ ဒီနှာခေါင်းစည်း ကျောင်းတွေကို လိုက်ဝေတာပေါ့ ။ အဲဒီမှာ ကျောက်ပန်းတောင်းမြို့နယ် အန်အယ်လ်ဒီ လူငယ်နဲ့ လူကြီး ခွဲပြီးတော့လေ တထောင်လောက်ကို အထက (၁) ကျောင်းရယ်၊ အထက (၂) ကျောင်းရယ်၊ စံပြမူလတန်းကျောင်းရယ်၊ လေးရွာ မူလတန်းကျောင်းရယ် ၊ ဈေးထဲရယ် အကုန်လိုက်ဝေ တာပါခင်ဗျ။”
ဦးနှောက်အမြှေးရောင် ရောဂါဖြင့် သေဆုံးသွားသူတွေကတော့ စံပြရပ်ကွက်မှာနေတဲ့ ဦးသောင်းညွန့်နဲ့ သုခမိန် ဘော်ဒါဆောင်မှာ နေထိုင်ပြီး ရှမ်းပြည်နယ်က လာရောက်ပညာသင်ကြားနေသူ မဖွေးဖွေးတို့ ဖြစ်ပြီး၊ သွေးလွန်တုပ်ကွေးနဲ့ သေဆုံးသူတွေကတော့ ပြည့်ဝကျောင်းတိုက်က ကိုရင်နှစ်ပါး ဖြစ်ပါတယ်။
ဦးနှောက်အမြှေးရောင် ရောဂါလက္ခဏာတွေနဲ့ ကူးစက်ဖြစ်ပွားတတ်ပုံကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ မြန်မာဒုက္ခသည်တွေကို ယမုံနာ ဆေးခန်းအမည်နဲ့ အခမဲ့ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာတင့်ဆွေက အခုလို ရှင်းပြပါတယ်။
“ဦးနှောက်အမြှေးရောင်က များသောအားဖြင့် ကလေးတွေမှာ ဖြစ်တယ် သူက ကူးစက်ရောဂါလို့ ပြောနိုင်တာပေါ့လေ၊ အများစုဖြစ်တာ ကူးစက်ရောဂါပါ တချို့လည်း ကူးစက်ရောဂါ မဟုတ်ပဲနဲ့ ဦးနှောက်အမြှေးရောင်တာတွေ ရှိသေးတယ်။ ဥပမာ ဦးနှောက်ခိုက်မိလို့တို့ စသဖြင့်ပေါ့လေ အခုလို ကူးစက်နေတဲ့ရောဂါ ကတော့ ကလေးတွေ အဖြစ်များပြီးတော့ အဓိက အများစုဆိုတဲ့ ဗိုင်းရပ် အင်မတန်မှ သေးငယ်တဲ့ ပိုးမွှားလေးတွေကနေ ဖြစ်ပါတယ်ခင်ဗျ။ သူက ရုတ်တရက် ကြည့်မယ်ဆိုရင် အခုလို ရာသီမှာ ဖြစ်တဲ့ တုပ်ကွေးလို ခပ်ဆင်ဆင်ပဲ ဖျားတာ၊ ကိုက်တာ၊ ကလေးနေမကောင်းတာ၊ အားယုတ်အစ ဖြစ်တာပေါ့လေ။ အဲဒီ နောက် ပိုင်းမှာ ဆိုးပြီးတော့ စိတ်နဲ့ ပတ်သက်တဲ့ ဦးနှောက်အာရုံကြောနဲ့ ပတ်သက်တဲ လက္ခဏာတွေ ဝင်လာတတ် ပါတယ်။ စိုးရိမ်စရာကောင်းပြီးတော့ မကူးအောင် လုပ်ဖို့ အင်မတန်မှ အရေးကြီးတဲ့ရောဂါတခု ဖြစ်ပါတယ်။”
ဒီ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ရေးအတွက် ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းပေးဖို့ လိုအပ်ရုံသာမက အစိုးမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေကပါ ဝိုင်းဝန်း အကူအညီပေးကြဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။
အဓိကကတော့ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံဖို့ လိုတယ် ဒီဟာက မိသားစုတခုတည်းကနေ လုပ်လို့လည်း မရသလို အုပ်ချုပ်ရေးပိုင်း အာဏာပိုင်အပိုင်းနဲ့ ဒီအစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကပါ ဝိုင်းပြီးတော့ လုပ်မှရမဲ့ ကိစ္စမျိုး ဖြစ်ပါတယ်ခင်ဗျ။ ကျန်းမာရေးဌာနတွေအနေနဲ့တော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူထုဆီရောက် အောင် လုပ်သင့်တယ် အစိုးရတခုတည်း မနိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေကိုလည်း လမ်းဖွင့်ပေးပြီးတော့ သူတို့ ကူညီအောင်လည်း လုပ်ရမဲ့ကိစ္စဖြစ်ပါတယ်။�
အခုဆိုရင် ကျောက်ပန်းတောင်းမြို့ပေါ်မှာ အစိုးရကျောင်းတွေ ဆက်လက် ဖွင့်ထားဆဲဖြစ်ပေမဲ့ ကျောင်းလာတက်ကြတဲ့ ကျောင်းသူကျောင်းသား အရေအတွက် နည်းပါးသွားသလို ဘော်ဒါဆောင်တွေကိုတော့ ခေတ္တ ပိတ်ထားလိုက်ကြတယ်လို့ သိရပါတယ်။
