လေးပွင့်ဆိုင်ဆွေးနွေးရေး ကွမ်းခြံကုန်း နဲ့ ကော့မှူး တောင်းဆို


2014.11.24

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌတို့ ပါဝင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ပွဲ ဖြစ်ပေါ်လာဖို့အတွက် ကွမ်းခြံကုန်းနဲ့ ကော့မှူး မြို့နယ်မှာ ပြည်သူတစ်ရာဝန်းကျင်က မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေးနဲ့ ကျောင်းသားအရေး ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် ခေါင်းဆောင် ၄ ဦး တွေ့ဆုံဆွေးနွေးပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုနန္ဒာထွဋ်က ပြောပါတယ်။

"တိုင်းရင်းသား ပြဿနာတွေရှိတယ်၊ လယ်သမားရေးတွေရှိတယ်၊ အလုပ်သမားရေး ပြဿနာတွေရှိတယ်၊ အခုနောက်ဆုံး ကျောင်းသားသမဂ္ဂတွေရဲ့ အခုတောင်းဆိုနေတဲ့ အမျိုးသားပညာရေး ဥပဒေပေါ်မှာ ကန့်ကွက်တာတွေရှိတယ်၊ နောက်တိုင်းပြည်ပေါ်မှာ တစ်နေ့တစ်နေ့ ကုန်ဈေးနှုန်းက ကြီးပြင်းလာတယ်၊ စီးပွားရေးတွေ တဖြည်းဖြည်းကျပ်တည်းလာတယ်၊ လူတွေအလုပ်လက်မဲ့တွေ ပေါများလာတယ်၊ လူငယ်တွေရဲ့ အကျင့်စာရိတ္တတွေ ပျက်ပြားလာပြီ၊ တရားဥပဒေစိုးမိုးရေးတွေ တဖြည်းဖြည်း ကျွန်တော်တို့နိုင်ငံမှာ ချွတ်ယွင်းလာပြီ၊ မြို့ကြီးပြကြီးတွေမှာတောင် နေ့ခင်းကြောင်တောင် အကြမ်းဖက်မှုတွေ၊ ဒုစရိုက်မှုတွေ၊ အဲ့တော့ဒီလိုတိုင်းပြည်မှာ အဖက်ဖက်က ပေါက်ကွဲတော့မယ့် အခြေအနေဖြစ်နေတယ်၊ အဲ့ဒါတွေကို တားဆီးဖို့အတွက်က ဒီတိုင်းပြည်ရဲ့ အဓိကကျတဲ့ လူလေးယောက်က တွေ့ဆုံဆွေးနွေးပြီးတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာအထွေထွေကို ထွက်ပေါက်ရှာဖို့အတွက် မဖြစ်မနေမုချလိုအပ်တယ်လို့ ကျွန်တော်ယုံကြည်လို့ ဒီဟာကိုတွန်းအားပေးတဲ့ အနေနဲ့လုပ်တာပါ"

အလားတူ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် တွံတေးနဲ့ ဒလမြို့နယ်တွေမှာလည်း ဒီကနေ့ ဆက်လက်ဆန္ဒပြတောင်းဆိုကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။