ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ ဖွဲ့စည်းလိုက်တဲ့ သာသနာ့ဝံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်က အရှင် ဣန္ဒာ စက္ကာဘိဝံသက သူတို့ သံဃာတော် များအနေနဲ့ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း RFA ကို မနေ့က မိန့်ကြားလိုက်ပါတယ်။
အခုလို ဆောင်ရွက်ရတာဟာ တခြားဘာသာဝင်တစ်ဦး နဲ့ လက်ထပ်မိလို့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုး သမီးတွေ ဆုံးရှုံးနေတဲ့ လွတ်လပ်ခွင့်ကို ရရှိဖို့ဖြစ်တယ် လို့လည်း ဆရာတော်က မိန့်တော်မူပါတယ်။
“လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ ဗမာစကားလုံးက ပြောတော့ပြောကြတယ်၊ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တခြားဘာသာဝင် နဲ့ရရင် အဲလိုလွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ အခွင့်အရေးရသလား၊ ဘယ်သူကများ အာမခံချက် အဲသလိုပေးလဲဆိုတဲ့ အဲလိုမေးခွန်းမျိုးကို ဦးဇင်းတို့က ပြန်မေးချင်ပါတယ်၊ အဲလို ကိုယ်ယုံကြည်တာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေရနိုင်ဖို့ ရည်ရွယ်ပြီးတော့ မျိုးစောင့်ဥပဒေတွေဖြစ်ဖို့ရာ ဦးဇင်းတို့ဆောင်ရွက်နေတာပဲ”
အဲဒီလို အမျိုးစောင့် ဥပဒေပေါ်ထွန်းရေးအတွက် အများပြည်သူထံက လက်မှတ်ကောက်ခံ စုဆောင်းမှုတွေကို ဆက်လက်ဆောင်ရွက်နေကြောင်းနဲ့ ဥပဒေအဖြစ် ပေါ်ပေါက်လာရေးကိုတော့ လွှတ်တော်ကသာ အကောင်အထည်ဖေါ်ရမှာဖြစ်ကြောင်းလည်း အရှင် ဣန္ဒာစက္ကာဘိဝံသက မိန့်ကြားပါတယ်။
ဦးခင်မောင်စိုးရဲ့ ဆက်သွယ်လျောက်ထားချက် အပြည့်အစုံကို နားဆင်ပါ။