မြန်မာပြည်ရဲ့ လွတ်လပ်မှှု တိုးတက်ပေမယ့် စိုးရိမ်ရဆဲ

စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးပုံစံ ပြောင်းလဲကျင့်သုံးလာခဲ့တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှု အခြေ အနေ တိုးတက်လာတာတွေ တွေ့ရှိခဲ့ရပေမဲ့၊ ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ စိုးရိမ်စရာအနေ အထားတွေ ပေါ်ပေါက် လာခဲ့တယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂ဝ၁၄ ခုနှစ် လွတ်လပ်မှု အခြေပြ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

၂ဝ၁၃ ခုနှစ်အတွင်း တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရရဲ့စွမ်းဆောင်ရည် အားနည်းတာ၊ နိုင်ငံရေးလှုပ်ရှား သူ တွေကို တရားမဝင်ဆန္ဒပြမှုနဲ့ ဖမ်းဆီးမှုတွေ တိုးတက်များပြားလာတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေပေမဲ့၊ တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာတွေ အပြင် ၊ ဘာသာရေး လူမျိုးရေးပဋိပက္ခတွေလည်း ဆက်လက်ပေါ်ပေါက်နေကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်မှုနဲ့ ပတ်သက်ပြီး ၂ဝ၁၃ ခုနှစ် Freedom House အစီရင်ခံစာမှာ အမှတ် စဉ် ၁၆၂ မှာရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ အခု ၂ဝ၁၄ခုနှစ် အစီရင်ခံစာမှာ အမှတ်စဉ် ၁၅၉ ကို တက်လာခဲ့ပေမဲ့၊ သတင်းသမားတွေအပေါ် ဖိနှိပ်အရေးယူ ထောင်ချတာတွေ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်လို့ဆိုပါတယ်။ Freedom House ကထုတ်ပြန်တဲ့ ၂ဝ၁၄ ခုနှစ် သတင်းမီဒီယာလွတ်လပ်မှု အခြေပြညွှန်းကိန်းဇယားမှာ ၁၉၇ အဆင့်မှာရှိနေတဲ့ နိုင်ငံကတော့ မြောက်ကိုရီးယားက အဆင့် ၁၉၇ နဲ့ အောက်ဆုံးမှာရှိနေပြီး၊ အီရန် နဲ့ ဆီးရီးယား တို့ကလည်း အောက်ဆုံးအဆင့်နီးပါးမှာ ရှိပါတယ်။ အီဂျစ်မှာလည်း သတင်းထောက်တွေကို ဖမ်းဆီး တရား စွဲထောင်ချနေတဲ့အတွက် မနှစ်ကထက် အဆင့်ကျဆင်းသွားပါတယ်။ အာရှ ပစိဖိတ်ဒေသ မှာတော့ တရုတ်ပြည် ဟာ လူမှုသတင်းကွန်ရက်တွေအပေါ် ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ Freedom House က ဆိုပါတယ်