နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ရွှေညဝါ ဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်လိုက်တဲ့အပေါ် အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ကန့်ကွက်ဝေဖန် လိုက်ပါတယ်။
အခုလို ရွှေညဝါဆရာတော်ကို တရားဟောခွင့် ပိတ်ပင်တာဟာ အစိုးရရဲ့လုပ်ရပ်တွေအပေါ် ဝေဖန်တဲ့ ဘာသာရေးခေါင်းဆောင်တွေကို အစိုးရက ဘယ်လို ဘယ်ပုံ ပစ်မှတ်ထားအရေးယူနေတယ်ဆိုတာ ပြသ လိုက်တာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာသံဃာတစ်ပါးဖြစ်တဲ့ အရှင် ဝီရသူက မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်လှုံ့ဆော်နေပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်ကို အသရေပျက်အောင် ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ တိုက်ခိုက်ပြောဆိုခဲ့ပေမဲ့၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကတော့ ရွှေညဝါဆရာတော်ကိုပဲ အသံတိတ်သွားအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း Freedom House အဖွဲ့ ရဲ့ ဒေသအလိုက်လုပ်ငန်းများ ဆိုင်ရာ ဒုတိယဥက္ကဌ ရောဘတ်ဟာမင်း က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
မဟန ဆရာတော်ကြီးတွေရဲ့စာမှာ ရွှေညဝါဆရာတော် ဦးပညာသီဟဟာ သံဃာ့မဟာနာယက အဖွဲ့ရဲ့ ဆိုဆုံးမတာကို နာခံမူမရှိသူ ‘ဒုဗ္ဗစ’ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပြီး ဓမ္မကထိက ဂုဏ်အင်္ဂါနဲ့ မညီတဲ့အတွက် တရားဟောခွင့်ကို ပိတ်ပင်လိုက်တာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ရွှေညဝါဆရာတော် ဦးပညာသီဟကတော့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က တရားဟောခွင့် ပိတ်ပင်ထားပေမဲ့၊ ဖိတ်ကြားတဲ့ ဒကာ ဒကာမတွေရှိတဲ့အတွက် ဆက်လက်ဟောကြားမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့ပါတယ်။
