အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က လက်ခံ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကန့်သတ်ချုပ်ချယ်မှုတွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဒီကနေ့အတည်ပြုလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီကိုယ်စား ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး တင်သွင်းခဲ့တာဖြစ်ပြီး ဥပဒေကြမ်းကို လွှတ်တော်မှာ မဆွေးနွေးခင် တစ်နိုင်ငံလုံးမှာရှိတဲ့ အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဦးတင်မောင်ဦးက ပြည်သူ့လွှတ်တော်အပြီး သတင်းထောက်တွေကို ပြောပါတယ်။
“တစ်ပြည်လုံးက အသင်းအဖွဲ့တွေရဲ့ အကြံဉာဏ်ပေါ့နော်၊ ပို့ချင်ရင်စာနဲ့ပို့ပါ၊ ဒါကပထမအဆင့်၊ ဒုတိယအဆင့်အနေနဲ့ နေပြည်တော်မှာမလုပ်ခင် ရန်ကုန်မှာ ပထမအကြိမ် လုပ်ချင်တယ်လို့ပြောပါတယ်၊ တာဝန်ယူပြီးလုပ်ပေးမယ့် အဖွဲ့တွေကိုဆက်သွယ်ပြီး ၁၄ ရက်လောက်မှာ တစ်နိုင်ငံလုံးပေါင်းပြီးတော့ နေပြည်တော်မှာလုပ်ဖို့အတွက် အကြံပြုမှာဖြစ်ပါတယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ အသင်းအဖွဲ့တွေအားလုံးလာပြီးတော့ ဆွေးနွေးလို့ရတယ်”
ပြည်သူ့လွှတ်တော်ကဆွေးနွေးဖို့ အတည်ပြုလိုက်တဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းမှာ ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့်သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ အဲဒီအသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း အတည်ဖြစ်ခဲ့ရင် အရင် နဝတအစိုးရလက်ထက်က ပြဌာန်ထားတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ ဥပဒေ အမှတ် ၆/၈၈ ပျက်ပြယ်သွားမယ်လို့ သိရပါတယ်။
