အီဒင်ဘရာပွဲတော်မှာ ကိုဇာဂနာလွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်မည်

ဗြိတိန်နိုင်ငံ စကော့တလန်မှာ နှစ်စဉ်ကျင်းပတဲ့ အီဒင်ဘရာ နိုင်ငံတကာယဉ်ကျေးမှု ပွဲတော်မှာ နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ လွတ်မြောက်ရေး လှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ကြီးမှူးကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

zaganar_150_Z.jpg
လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP) ((Photo: AFP))

လာမယ့် သြဂုတ်လ ၁၃ ရက်နေ့ကနေ စက်တင်ဘာလ ၅ ရက်နေ့ထိ ၃ ပတ်ကြာ ကျင်းပမယ့် အဲဒီ အီဒင်ဘရာပွဲတော်မှာ ကိုဇာဂနာ လွတ်မြောက်ရေး လှုပ်ရှားမှုကို သြဂုတ်လ ၁၅ ရက်နဲ့ ၁၉ မှာ ပြုလုပ်မှာပါ။

အဲဒီ လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ကိုဇာဂနာရဲ့ မိတ်ဆွေ ပန်းချီ ကိုထိန်လင်းက RFA ကို အခုလိုပြောပါတယ်။

“ကိုသူရနဲ့ ပတ်သက်တဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ကိုသူရ အဓိက ဝါသနာပါတဲ့ ဘောလုံးပွဲ လုပ်ခြင်းအားဖြင့် ပရိသတ်ရဲ့ အဲလို စိတ်ဝင်စားမှု ပိုပြီးတော့ ရလာလိမ့်မယ် ဆိုပြီးတော့ သူတို့ ယူဆတယ်။ အဲဒါကြောင့် အဲဒီနေ့မှာ လူရွှင်တော်များနဲ့ ဝေဖန်သူများနဲ့ အသင်း နှစ်သင်း ခွဲပြီးတော့ အဲဒီမှာ သူတို့ ကန်မှာ။”

“၁၉ ရက်နေ့မှာတော့ လူရွှင်တော်တွေရဲ့ ည သူတို့ လုပ်မယ်၊ အဲဒီ လူရွှင်တော်တွေထဲမှာ ဂျာမနီက နာမည်ကြီး လူရွှင်တော်တယောက် ရှိတယ်။ မိုက်ကယ် မက်တာမေယာ ဆိုတာလေ၊ သူက ကိုဇာဂနာနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ထဲက ဇာဂနာ အပိုင်းလေးတွေကိုလည်း ပြမယ်၊ သူကိုယ်တိုင်လည်း ကိုဇာဂနာနဲ့ ပတ်သက်တဲ့ ဟာသတွေ သူလုပ်ပြီးတော့ ပရိသတ်အားလုံးကို ဒီ ဇာဂနာဆိုတာ အင်မတန် အရေးကြီးတဲ့လူ ဖြစ်တယ်ဆိုတာကို သူ့အနုပညာနဲ့ အသိပေးမှာပေါ့လေ။”

“လူရွှင်တော် အစီအစဉ်မတိုင်ခင်မှာ ကျွန်တော်နဲ့ အရင်တုန်းက ဗမာပြည်မှာတုန်းက အတူတွဲပြီးတော့ အလုပ်လုပ်ခဲ့ကြတဲ့ ပုံတွေ၊ နောက် ကိုသူရဆိုတာ ဘယ်လို လူမျိုးဖြစ်တယ် ဆိုတာပေါ့လေ၊ အဲဒါမျိုးလေးကို ကျွန်တော် ရှေ့ကနေပြီးတော့ နည်းနည်း မိတ်ဆက် ပြောပြဖို့ ကျွန်တော့ကိုတော့ ဖိတ်ထားတယ်။”

ဂျာမနီနိုင်ငံ မြူးနစ်မြို့က လူရွှင်တော် Michael Mittermeier က ကိုဇာဂနာနဲ့ နိုင်ငံခြားသတင်းထောက်တဦး အမေးအဖြေ လုပ်ထားတဲ့ မှတ်တမ်းကို ကြည့်ရပြီး ကိုဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ဖြစ်ခဲ့တာလို့ ပန်းချီထိန်လင်းက ပြောပါတယ်။

ကိုဇာဂနာကို စစ်အစိုးရက ထောင်ဒဏ် ၃၅ နှစ် ချပြီး မြစ်ကြီးနားထောင်မှာ ပို့ထားသလို၊ ပြီးခဲ့တဲ့ လကစပြီး မိသားစုဝင်တွေကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားပါတယ်။