ဒါနဲ့ ပတ်သက်လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က RFA ကိုအခုလိုပြောပါတယ်။ "ခရီးစဉ်မှာ ကူညီ လိုက်တယ်ဆိုတာ သူတို့ဘက်က လက်တွေ့ လုပ်ပြ လိုက်တာလို့ ကျနော်တို့က သုံးသပ်တယ်။ အခု လုပ်တဲ့ လုပ်ငန်းက နံပတ်တစ် လုပ်ငန်း ဖြစ်တယ်။ အများလည်းပါတဲ့ လုပ်ငန်းဖြစ်တယ်။ အထူးသဖြင့် အောက်ခြေ တပ်မတော်သားတွေ ပါတဲ့ လုပ်ငန်း ဖြစ်တဲ့ အတွက် ဒါကို ဆက်ပြီး လုပ်သွားမယ် ဆိုလို့ရှိရင် ပိုပြီးတော့ အောင်မြင်လာမယ်။ လက်တွေ့ လုပ်ငန်းတွေ လုပ်ခြင်း အားဖြင့် ယုံကြည်မှု ပိုပြီး တည်ဆောက် လာနိုင်မယ်လို့ ယုံကြည်လို့ ကျနော်တို့ ထောက်ခံ ကြိုဆိုတာ ဖြစ်ပါတယ်" အခုခရီးမှာ ပူးပေါင်း ဆောင်ရွက်သလို၊ နောက်ခရီးစဉ်တွေ ရှိခဲ့ရင်လည်း ပူးပေါင်း ဆောင်ရွက်ပြီး နားလည်မှု ရအောင် ပိုမိုလုပ်ဆောင်ဖို့ FTUB က တိုက်တွန်း ထားပါတယ်။ ဒါ့အပြင် အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတို့ ပူးပေါင်း ဆောင်ရွက်မှု ခြေလှမ်းအစကနေ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲထိ ဖြစ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းဖို့ကိုလဲ FTUB က တိုက်တွန်း လိုက်ပြီး၊ မကြာခင်မှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်လာ လိမ့်မယ်လို့ ခန့်မှန်းပြောဆို လိုက်ပါတယ်။ FTUB အတွင်းရေးမှူး ဦးမောင်မောင်နဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင် နိုင်ပါတယ်။
0:00 / 0:00