တစ်ဆက်တည်းမှာပဲ အခုလို အကျဉ်းသားများ ပြန်လွှတ်ဖို့ ပြောဆိုကြတဲ့ အပြည်အပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဖော်ပြထားသလို ဖမ်းဆီးထိန်းသိမ်းထားစဉ် ကွယ်လွန်ခဲ့ရသူ ဦးအောင်မြင့်သိန်းနဲ့ ပတ်သက်ပြီး အပြည်အပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ITUC တို့ က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အတွက်လည်း မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။ ခုလို အစိုးရက အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ လွတ်လပ်တဲ့ သင်းပင်းဖွဲ့စည်းခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး FTUB အတွင်းရေးမှူး ဦးမောင်မောင်က အခုလို ပြောပါတယ်။ “လာမယ့် နိုဝင်ဘာမှာ ILO က လုပ်မယ့် အစည်းအဝေးမှာ အကယ်၍များ မြန်မာပြည်မှာ လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့ခွင့် မပေးဘူးဆိုရင် ILO အတွင်းမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ကိစ္စ ရှိတယ်။ ဒါကို ရှောင်ရှားတဲ့ အနေနဲ့ ကျနော့် ရဲဘော်တွေ လွှတ်လာလည်း ဖြစ်တယ်။ ILO အတွင်းမှာ စုံစမ်းစစ်ဆေး အရေးယူမယ် ဆိုတဲ့ ကိစ္စ ရှိနေတဲ့ အတွက်လည်း လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့ခွင့် ပေးတာ ဖြစ်တယ်လို့ ကျနော် ထင်တယ်” FTUB ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ မြင်တွေ့နေရပေမယ့် မူးယစ်ဆေးဝါးငွေတွေ၊ ငွေဖြူခဝါချမှုတွေ ကတော့ အခုအချိန်အထိ ထိန်းသိမ်းနိုင်တဲ့ အနေအထားကို မမြင်ရသေးသလို စစ်လက်နက် ထုတ်လုပ်မှုတွေ လုပ်နေတာလည်း ရှိနေကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ တားဆီး ပိတ်ပင်မှုတွေ အပြည်ပြည်ဆိုင်ရာက ဆက်ပြီးလုပ်ဆောင်ဖို့ လိုတယ်လို့ ဖော်ပြထား ပါတယ်။