မြန်မာငွေတန်ဖိုးမြင့်နေတဲ့အတွက် အထည်ချုပ်လုပ်ငန်းတွေ အရှုံးပေါ်

ဒေါ်လာဈေးကျဆင်းပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မှု ဂယက်ကြောင့် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်း အများစု အရှုံးနဲ့ လည်ပတ်နေကြရတယ်လို့ သိရပါတယ်။

0:00 / 0:00

လတ်တလောမှာ ဝင်ငွေ ၁၈ ရာခိုင်နှုန်းလောက် ထိခိုက်မှု ရှိတဲ့အပြင် ရေရှည်မှာ ဆက်လက် ရပ်တည်ဖို့ မလွယ်ကူတဲ့အတွက် အစိုးရက ဝင်ရောက်ကူညီ ဖြေရှင်းပေးဖို့ တင်ပြထားတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

"အစိုးရအပေါ်လည်း ဖြစ်နိုင်မယ့် ခွင့်ပြုနိုင်မယ့် အနေအထားမျိုးလေးတွေ တင်ပြပါတယ်။ ကိုယ့်ဟာကိုယ်လည်း စစ်စစ်စီစီ လုပ်၊ Production ထွက်အောင်လုပ် ဒါမျိုးပဲ လုပ်ရတာပေါ့။ အလုပ်သမားခလည်း လျှော့လို့မှ မရတာ"

မြန်မာနိုင်ငံက ချုပ်လုပ်တဲ့ အဝတ်အထည်တွေကို ဂျပန်၊ ကိုရီးယား၊ ဥရောပနဲ့ လက်တင်အမေရိက ဈေးကွက်တွေကို တင်ပို့နေပြီး မနှစ်က အမေရိကန်ဒေါ်လာ ၄၈၉ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းငွေတန်ဖိုး မြင့်တက်မှုကြောင့် အထည်ချုပ် လုပ်ငန်းတွေအပြင် ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေးထုတ်ကုန် စတဲ့ ပို့ကုန်လုပ်ငန်းတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေမှာတော့ အထည်ချုပ်လုပ်ငန်းတွေ ဝင်ငွေ အထူးကောင်းမွန်နေပြီး၊ ဗီယက်နမ်နိုင်ငံမှာဆိုရင် ဇွန်လ တလတည်းမှာတင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း၊ အခုနှစ်အတွင်း ဒေါ်လာ ၁၃ ဘီလီယံကျော်ဖိုး တင်ပို့ဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။