ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် စက်မှု (၁) လမ်း ဆီဒိုးနားဟိုတယ်အနီးက လမ်းဘေးအသားကင်ဆိုင်မှာ ဒီနေ့ နေ့လည်ပိုင်းက ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ဆိုင်အနီးနားမှာရှိတဲ့ နိုင်ငံခြားသားအပါအဝင် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ ကိုရီးယားလူမျိုး နှစ်ဦးနဲ့ တရုတ်လူမျိုးတစ်ဦး ပါဝင်တယ်လို့ အနောက်ပိုင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ဦးက ပြောပါတယ်။
"မီးပွိုင့်ထောင့်နားက အကင်ဆိုင်နဲ့ ဘောလုံးကြီးနဲ့ ဘယ်လိုသွားထိသလဲဆိုတာတော့ ကျနော်မသိဘူး၊ ဒါကတော့ ရဲကဆက်ပြီးတော့ တာဝန်ယူပြီးဆောင်ရွက်နေတယ်၊ ပေါက်ကွဲသံ အုန်း ခနဲဆိုပြီး ကျနော်ကြားလိုက်တယ်၊ ကျနော်တို့လည်း ချက်ချင်းပဲဖြစ်တဲ့နေရာကိုပြေးတယ်၊ လူနာတွေတွေ့တဲ့အခါမှာ ကိုရီးယားနှစ်ဦးပါတယ်၊ တရုတ်လူမျိုးတစ်ဦးပါတယ်၊ မြန်မာငါးဦး အားလုံးပေါင်း ၈ ဦးပေါ့နော်၊ "
ဒဏ်ရာရသူတွေဟာ မီးလောင်ဒဏ်ရာတွေဖြစ်ကြပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးထားကြောင်း ပြောပါတယ်။
ဆီဒိုးနားဟိုတယ်တဝိုက်ဟာ သြင်္ကန်မဏ္ဍပ်တွေနဲ့ စည်ကားတဲ့နေရာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် သြင်္ကန်ရေကစားသူတွေ ရုတ်တရက် အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ဆီဒိုးနားတဝိုက် မဏ္ဍပ်တွေမှာ ပြန်လည်လူစည်ကားနေခဲ့ပါတယ်။
