နေပြည်တော်ကျောက်မျက်ပြပွဲမှ ဒေါ်လာ သန်းထောင်ချီရ

ပြီးခဲ့တဲ့ နိုဝင်ဘာလက နေပြည်တော်မှာ ၁၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာ ပြပွဲမှာ စုစုပေါင်း ကျောက်မျက်ရတနာ အမေရိကန်ဒေါ်လာ သန်း ၁,၄၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

2010.12.08
ruby_gem_emporium_305_z.jpg စစ်အစိုးရက ရန်ကုန်မြို့တွင် ၂၀ဝ၈ ခုနှစ် မတ်လက ကျင်းပခဲ့သည့် ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်ကုန်သည်တဦး အရည်အသွေး ကြည့်ရှု စစ်ဆေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒါဟာ ၁၉၆၄ ခုနှစ် နောက်ပိုင်းမှာ တကြိမ်တည်းနဲ့ ရောင်းရငွေ ပမာဏ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပြပွဲကို နိုင်ငံတကာက ကျောက်ကုန်သည် ၄ ထောင် အပါအဝင် စုစုပေါင်း ကျောက်ကုန်သည် ၆၇၀၀ လောက် လာရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကျောက်မျက်ရတနာပြပွဲကနေ ရောင်းရငွေ ပမာဏကို စစ်အစိုးရက ထုတ်ဖော် ပြောဆိုတာဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ အရေးယူတဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အရောင်းအဝယ် လုပ်တာကို တားမြစ်ထားပေမဲ့ မြန်မာစစ်အစိုးရဟာ ကျောက်မျက်ရတနာ ရောင်းချရာကနေ ဝင်ငွေ အကြီးအကျယ် ရရှိနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ ပတ္တမြားနဲ့ ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ထွက်ရှိတာ ဖြစ်ပြီး ကျောက်စိမ်းတွင်း နဲ့ တခြား အဖိုးတန်ကျောက်တွင်း အကုန်လုံးနီးပါးကို စစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီး ဌာန အပါအဝင် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကသာ လုပ်ကိုင်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။