တိုင်းရင်းသား လက်နက်ကိုင်အဖဲ့ွတွေဖက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ရရှိအောင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြီး ဒီဇင်ဘာလမကုန်ခင် အစိုးရထံပေးပို့သွားမယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံခရီးစဉ်အတွက် ရန်ကုန်မြို့ကို ရောက်နေတဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က Business Alliance Hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အခုလို ပြောခဲ့တာပါ။
“NCCT ရဲ့တာဝန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရရှိတဲ့အထိဆိုတဲ့ mandate ဖြစ်ပါတယ်၊ အခုအချိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရရှိရေးအတွက် ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်၊ တိုက်ပွဲတွေဆက်ပြီးဖြစ်နေပေမယ့် ကျနော်တို့က process ကို ဆက်ပြီးသွားဖို့လိုပါတယ်၊ ဒါကြောင့် ကျနော်တို့က တိုက်ပွဲဆက်ပြီးဖြစ်နေပေမယ့် NCCT ရဲ့တာဝန်ကို ဆက်ပြီးထမ်းဆောင်ဖို့ဖြစ်ပါတယ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ညနေမှာ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ဆွေးနွေးရေးအဖွဲ့က ကျနော်တို့ တိုင်းရင်းသားအဖွဲ့ကို စာချုပ်မူကြမ်းတစ်စောင် ပေးထားပါတယ်၊ ကျနော်တို့ တိုင်းရင်းသားအဖွဲ့ အသီးသီးက မူကြမ်းကို လေ့လာနေဆဲဖြစ်ပါတယ်၊ ဒီဇင်ဘာလမတိုင်ခင်မှာ ကျနော်တို့ဘက်ကလည်း မူကြမ်းတစ်စောင် တင်သွင်းဖို့ရှိပါတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖဲ့ွ NCCT ကို ဖွဲ့စည်းခဲ့ပါတယ်။ အခုကျင်းပမယ့် ချင်းမိုင် အစည်းအဝေးဟာ အဲဒီအဖွဲ့ရဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းလည်း အတည်ပြုပြောကြားသွားပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ဆွေးနွေးဖို့ရှိတယ်လို့လည်း ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားခဲ့ပါတယ်။
ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဟာ မြန်မာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇ နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ အင်းလျားလမ်းရှိ ဦးတေဇရဲ့နေအိမ်မှာ နာရီဝက်ကြာ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံရာမှာ ကချင်ပြည်နယ်အတွင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရေးကို အဓိကဆွေးနွေးခဲ့ကြောင်း ထူးထရေးဒင်းရဲ့ အမူဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက RFA ကို ပြောပါတယ်။