ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အတွက် ရန်ကုန်မှာ ရက်လည်ဆွမ်းသွတ်

အောက်တိုဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေး မော်ကွန်းဝင် ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ရည်စူးပြီး ရက်လည်ဆွမ်းသွတ် အမျှပေးဝေပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြောင်းမြလမ်းမှာရှိတဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ နေအိမ်ဟောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2012-10-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
general-kyaw-zaw-religious-rangoon-b305
အောက်တိုဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကွယ်လွန်သွားသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ရည်စူးပြီး ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြောင်းမြလမ်းရှိ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ နေအိမ်ဟောင်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရည်လည်ဆွမ်းသွတ် အမျှပေးဝေပွဲကို ပြုလုပ်နေစဉ်။
RFA

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ဒေါ်အောင်ဆန်းစုကြည်က အလွန်ချစ်ခင်ပြီး အရေးအခင်း ကာလမှာ  ဗိုလ်မှူးချုပ်ကျော်ဇောက အားပေးစကား ပြောခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ချီးကျူးလေးစားနေကြောင်းနဲ့  အချိန်အခါကျတဲ့အခါ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ပတ်သက်လို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုနိုင်မယ်လို့ မျှော်လင့်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကျော်ဇောအပေါ် အင်မတန်ချစ်တယ်။ ဒါတော့ ကျွန်တော်သိတယ်။ ကျွန်တော်ကောင်းကောင်းသိတယ်၊ သူ့အဖေရဲ့ သူငယ်ချင်းလည်း ဖြစ်တယ်၊ နောက်ပြီးတော့ ဒီအရေးအခင်းကိစ္စနဲ့ ပတ်သက်တဲ့ အပိုင်းမှာ ဗိုလ်ချုပ်ကျော်ဇောနဲ့ ပတ်သက်လို့ သူအဆက်အသွယ် ရတဲ့နေရာတွေမှာလည်းပဲ  အင်မတန်မှပဲ ကျွန်တော်တို့ကို ဗိုလ်ချုပ်ကျော်ဇောဘက်က အားပေးစကားပြောတာကိုလည်း သူက အင်မတန် ချီးကျူး ဂုဏ်ပြုပြီးတော့ လေးစားနေတာကိုတော့ ကျွန်တော်သိတယ်။ ဒီစိတ်တော့ရှိတယ်။ အချိန်တန်ကျရင် ထိုက်ထိုက်တန်တန်ဖြစ်အောင် စီမံနိုင်မယ်လို့ ဘဘ တော့ အောက်မေ့တယ်။ လုပ်ပေးနိုင်တယ်လို့ အောက်မေ့တယ်။"

ဒီကနေ့ ရက်လည်ဆွမ်းသွတ်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဦးတင်ဦး တက်ရောက်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်တွေ၊ တော်ဘုရားလေး ဦးအောင်ဇေ ရဲ့ ဇနီးနဲ့ သားသမီး မြေးတွေ၊ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ ၊ ဗမာပြည် ကွန်မြူနစ်ပါတီဝင် ရဲဘော်ဟောင်းတွေနဲ့ ကျောင်းသားလူငယ် သမဂ္ဂတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရဲ့ ရုပ်ကလာပ်ကို အောက်တိုဘာလ ( ၁၁ ) ရက်က ကူမင်းမြို့မှာရှိတဲ့ အန်းနင်  မီးသဂြုင်္ိဟ်စက်မှာ သဂြုင်္ိဟ်ခဲ့ပြီး ဖြစ်ပါတယ်။ အခြေအနေပေးတဲ့နေ့မှာ မြန်မာပြည်ကို မုချပြန်သွားပြီး သူ့အိမ်မှာပဲ သူ့က မြှုပ်နှံမယ်လို့ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့  သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောခဲ့ဖူးပြီး ဒီကနေ့ အခမ်းအနားမှာလည်း အရိုးအိုးကို မြန်မာပြည်ပြန်ယူပြီး သခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူဘေးမှာ မြှုပ်နှံဖို့ ဆန္ဒရှိတဲ့ အကြောင်းကို ဆွေးနွေးကြတာ တွေ့ရပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောလို ပုဂ္ဂိုလ်မျိုး အတွက် မြန်မာပြည်တွင်းက နေရာကောင်း၊ နေရာမှန်တစ်ခုမှာ  အလေးပြုရမယ့် နေရာတစ်ခု ရှိသင့်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကို အခုလို ပြောပါတယ်။
"ရဲဘော်သုံးကျိပ်ဝင်တစ်ယောက် ၊ လွတ်လပ်ရေး ကြိုးပမ်းသူ တစ်ယောက်၊ တိုင်းပြည်ကာကွယ်ရေး ကိစ္စတွေမှာပါ တကယ့်အဆင့်အမြင့်ဆုံး ကာကွယ်ရေး တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ သူတစ်ယောက်၊ အဲဒီလို လူတစ်ယောက် အနေနဲ့ ၊ သမိုင်းရှိတဲ့ ပုဂ္ဂိုလ်ထူးတစ်ယောက် အနေနဲ့တော့ နေရာကောင်းတစ်ခုတော့ ရှိသင့်တယ်။ နေရာမှန်တစ်ခုတော့ ရှိသင့်တယ်။ အသိအမှတ် တစ်ခုတော့ ပြုသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ကိုယ့်ပြည်ကိုယ့်ရွာပေါ့။ မြန်မာပြည် အတွင်းမှာကိုပဲ ဒီလိုပုဂ္ဂိုလ်မျိုးအတွက် နေရာကောင်းတစ်ခုတော့ ရှိသင့်တယ်။ အလေးပြုရမယ့်၊ ဂရုထားရမယ့်၊ အားလုံးလေးစား ကြည်ညိုလောက်တဲ့၊ သူနဲ့ ထိုက်တန်တဲ့ နေရာပေါ့။ အဲဒီနေရာလေး တစ်ခုတော့ သတ်မှတ်ပြီး သဂြုင်္ိဟ်ဖို့ သင့်တယ်လို့ အဲဒီအမြင်တော့ ကျွန်တော့်ဆီမှာ ရှိတယ်။"

ကွယ်လွန်ချိန်မှာ အသက်(၉၃) နှစ်ရှိပြီဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောဟာ မကွယ်လွန်ခင် အတောအတွင်း မြန်မာပြည်ပြန်ပြီး ရွှေတိဂုံစေတီတော်ကို နောက်ဆုံး ဖူးမြော်ချင်ကြောင်း ပြောခဲ့ဖူးပါတယ်။ သူကိုယ်တိုင် ရေးသားခဲ့တဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်ကို မြန်မာနိုင်ငံမှာ စတင် ဖြန့်ချိဖို့ အတွက်လည်း စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို သူမကွယ်လွန်ခင် နှစ်ရက်အလိုက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အမှတ်တရ အခမ်းအနားအကြောင်းကို အာရ်အက်ဖ်အေ သတင်းထောက် ကိုမိုးကျော်က အခုလို သတင်းပေးပို့ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

(

It's very sad for our country Burma. Actual struggled comrades for Burma are put aside and stay away but bad bureaucrats are in country and systematically destroying. Now we can say that change have already been but a lot of dictator's bureaucrats still have power in hand and interfere our reconciliation process. I can only pray that those destructive bureaucrats disappear quickly, Reconciliation and unity processes progress successfully and real comrades are in right place.


[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Oct 17, 2012 03:09 PM