ဆန္ဒပြရွှေတွင်း လုပ်သားများ တောင်းဆိုချက်ရရှိ

နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ ရမည်းသင်းခရိုင်က ရွှေတွင်းလုပ်သားတွေ လမ်းခုလတ်မှာပဲ သူတို့ တောင်းဆိုတာတွေကို ကုမ္ပဏီဘက်က ဒီနေ့ လိုက်လျောလိုက်တယ်လို့ သိရပါတယ်။

2012.06.14
gold-mine-strike-b305 ရွှေမြင်တင် ဘုရားတောင်ခြေတွင် လုံခြုံရေးများ၏ ပိတ်ဆို့တားဆီးခံနေရသော မိုးထိ မိုးမိ ရွှေတွင်းလုပ်သားများ
RFA

နေပြည်တော် သမ္မတအိမ်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ရမည်းသင်းခရိုင် မိုးထိ မိုးမိ ရွှေတွင်းက ရွှေလုပ်သားတွေဟာ လမ်းခုလတ်ရှိ ရွှေမြင်တင် ဘုရားတောင်ခြေ အရောက်မှာ လုံခြုံရေးတွေရဲ့ ပိတ်ဆို့တားဆီးတာ ခံနေရသလို တဘက်ကလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်း ညှိနှိုင်းမှုတွေ လုပ်နေရင်း သူတို့ တောင်းဆိုထားတဲ့ အခွင့်အရေးတွေရရှိပြီး ပြေလည်သွားတာဖြစ်တယ်လို့ ဆန္ဒပြ ခေါင်းဆောင် ကိုသက်လွင်က ပြောပါတယ်။

“ရာခိုင်နှုန်း ၁၀၀ လုံး အကုန်ပြေလည်တယ်လို့ ပြောလို့ရပါတယ်။ အင်းတွေကို ယခင်မူလအတိုင်း ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေးကို ကျွန်တော်တို့ တောင်းဆိုတဲ့ အခါမှာ အများနဲ့နည်းတူ တစ်နှစ်ပေးပါတယ်၊ နံပါတ် ၂ အနေနဲ့ ဇုန်အတွင်းမှာရှိတဲ့ စက်တွေကို ပြန်လည် လည်ပတ်ခွင့်ရရှိရေး တောင်းဆိုပါတယ်။ အဲဒီဟာကိုလည်း ဒီစက်တွေကို နောက်ရေရှည် ဆက်လုပ်ဖို့အတွက် သူတို့က တရားဝင်အဖြစ်နဲ့ တစ်နှစ်ခွင့်ပြုပါတယ်ခင်ဗျ။ နံပါတ်သုံးအချက်ဖြစ်တဲ့ ရွှေလုပ်သားများ ယခင်အတိုင်း အစုခံစားခွင့် ရရှိရေးကိုလည်း သူတို့ ကုမ္ပဏီ စာချုပ် စချုပ်တဲ့အချိန်မှာ ထုံးကြီးနဲ့ ရွှေစင်မှာ သီးခြား တသီးပုဂ္ဂလ ဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုလည်း အဆင်ပြေအောင် ဆိုပြီးတော့မှ ၈ လခွဲ ပြန်လည်ပြီးတော့မှ လုပ်ကိုင်ခွင့်ပေးပါတယ်ခင်ဗျ”

ဒါ့အပြင် အင်း မလုပ်တော့ဘဲ လျော်ကြေး ရလိုသူတွေအတွက်လည်း လျော်ကြေးပြန်ပေးမယ်လို့ သဘောတူသလို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက အဆောက် အဦးတွေ ဆောက်လုပ်ဖို့ မြေညှိတဲ့အခါ၊ စက်တွေသယ်ဆောင်တဲ့အခါ တွေမှာလည်း အားလုံး ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောတူညီချက်တွေလည်း ရခဲ့တယ်လို့ သူကပြောပါတယ်။

အဲဒီသဘောတူညီချက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေ အပါဝင် လက်မှတ်ထိုးပြီးရင် သူတို့ဆန္ဒပြတာတွေကို ရုပ်သိမ်းမယ်လို့ ကိုသက်လွင်က ဆက်ပြောပါတယ်။

“ခုန ပြေလည်တဲ့ ဟာတွေကို စာစီမယ်။ ပြီးရင် ဟိုဘက်က ယုံကြည်လောက်တဲ့ အသိသက်သေ၊ ကျွန်တော် တို့ဘက်ကလည်း ယုံကြည်လောက်တဲ့ အသိသက်သေ ဒီအဖွဲ့တွေနဲ့ အတူပေါင်းပြီးမှ နှစ်ဦး သဘောတူလက်မှတ်ထိုးမှာပါခင်ဗျ။ ကုမ္ပဏီဘက်မှာဆိုရင် တိုင်းဒေသကြီး သတ္ထုဝန်ကြီး ဦးသန်းစိုးမြင့်နဲ့ ပြည်ထောင်စု သတ္ထုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ဌေးတို့ ပါမှာပါ။ ဆန္ဒပြနေတဲ့ ကျွန်တော်တို့ အဖွဲ့ရယ်၊ သူတို့ရဲတွေ၊ လုံခြုံရေးပိတ်နေတဲ့ နှစ်ခု ကြားထဲမှာ ညှိတာပါ။ ကျွန်တော်တို့ လက်မှတ်ထိုးပြီးလို့ ယုံကြည်စိတ်ချရပြီဆိုရင် ကျွန်တော်တို့ အဖွဲ့တွေက ကျွန်တော်တို့ ဌာနေကို ကျွန်တော်တို့ အရင်အာမခံထားတဲ့အတိုင်းပဲ ရှေ့ကို တဖဝါးမှ မတိုးပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်မှာပါ”

ရမည်းသင်းခရိုင်ရှိ မိုးထိ မိုးမိရွှေတွင်းလုပ်ငန်းကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ အသေးစား ရွှေတူးဖော်ရေး လုပ်ငန်းရှင်များကို လေလံခေါ်ပြီးတော့ အောက်တိုဘာလမှာ လုပ်ငန်းတွေစခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာ ကုမ္ပဏီက လုပ်ငန်းတွေ အကုန်ရပ်ဆိုင်းသွားတာပါ။ ဒါကို ရင်းနှီးမြှုပ်နှံ ထားကြတဲ့ သူတွေက နစ်နာဆုံးရှုံးတာကြောင့် လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ဇွန်လ ၁ ရက်နေ့ ကနေ စတင်ပြီးတော့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။