ဒီဆွေးနွေးပွဲဟာ မနက်ဖြန်မှာ ပြုလုပ်မယ့် ထိုင်းနဲ့ မြန်မာ အစိုးရတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အဓိကထားဆွေးနွေးမယ့် အချက် (၈)ချက်ကို ဦးတည်ပြီး အလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကနေ အကြံဉာဏ်တောင်းတာ ဖြစ်တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) အဖွဲ့ရဲ့ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
"(၈)ချက်က အဓိကတော့ ဘာတွေလဲဆိုတော့ ဒီအခု ၁၄ဒီဇင်ဘာမှာ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတဲ့ကိစ္စ၊ ကျန်နေသေးတဲ့သူတွေရယ် နောက်တခုက လုံးဝမှတ်ပုံတင် မရှိသေးတဲ့ အလုပ်သမားတွေကို ပြန်ပြီးတော့ ရှေ့ဆက်တိုးလုပ်ပေးဖို့ ဆိုတဲ့ဟာ၊ နောက်တခုက ကလေးတွေ ထိုင်းနိုင်ငံမှာ မွေးပြီးတော့ လက်မှတ်မရှိတဲ့ ကလေးတွေကိစ္စ၊ နောက်တခုက MOU နဲ့ပတ်သက်ပြီးတော့ အလုပ်ပြဿနာတက်လို့ရှိရင် MOU နဲ့လာတဲ့ အလုပ်သမားတွေကို ပြန်ပို့မယ်ဆိုတဲ့ ကိစ္စ၊ ဖမ်းဆီးပြန်ပို့တဲ့အချိန်မှာ သူတို့က စနစ်မကျတော့ အရင်တုန်းကဆိုလို့ရှိရင် လူကုန်ကူးမှု လူတွေရဲ့ လက်ထဲကို ပြန်ရောက်သွားတယ်ဆိုတဲ့ ကိစ္စမျိုးတွေကို စနစ်တကျ ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးမယ်လို့ ပြောတယ်"
တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေက အိမ်အကူအလုပ်သမားတွေအတွက် အလုပ်ချိန် သတ်သတ်မှတ်မှတ်ရှိရေး၊ ဇန်နဝါရီလမှာ ရရှိမယ့် တနေ့လုပ်အားခ ဘတ်ငွေ (၃၀၀)ကိုလည်း မှန်မှန်ကန်ကန် ပေးအောင်နဲ့ အလုပ်သမားတွေ လက်မှတ်လုပ်ပေးဖို့ လုပ်ငန်းရှင်တွေကို ထိုင်းအစိုးရကနေတဆင့် ဖိအားပေးဖို့နဲ့ ဘတ်လက်မှတ်အသစ်လုပ်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားရေးတာဝန်ခံ တစ်ဦးထဲထားရှိရုံတင်မကဘဲ အလုပ်သမားကူညီစောင့်ရှောက်ရေးရုံးတွေ ဖွင့်လှစ်ဖို့ မြန်မာအစိုးရကအကြမ်းဖျင်း သဘောတူခဲ့တယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။
"ကျနော်တို့ အလုပ်သမားတယောက်ထဲနဲ့ လုပ်နေတဲ့ဟာကတော့ အဆင်မပြေဘူး၊ အဲဒါသူတို့ သဘောတူတယ် ကျနော်တို့နဲ့လည်း ညှိပြီးတော့ အလုပ်သမားတွေ များတဲ့နေရာမှာ အလုပ်သမားကာကွယ်ရေးရုံးတွေကို ကျနော်တို့အစိုးရတွေနဲ့ ပေါင်းဖို့ အဲဒါ ဒုဝန်ကြီးကတော့ အကြမ်းဖျင်းသဘောတူခဲ့တယ်၊ နောက်တခု အစိုးရအနေနဲ့လည်း ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေမှာ ငွေရေးကြေးရေးအရ ပူးပေါင်းပံ့ပိုးနိုင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့အကြောင်း ဒါတရားဝင်ပြောကြားခဲ့တယ် ဒါကတော့ ထူးခြားချက်ပေါ့"
ဒီအစည်းအဝေးကို FED၊ MAP ဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း HRDF၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း MAT၊ မဟာချိုင်အခြေစိုက် MWRN နဲ့ ဆူရတ်ဌာနီခရိုင် မြန်မာအလုပ်သမား ကူညီရေးအသင်း တို့အပါအဝင် စုစုပေါင်းလူဦးရေ (၅၀)ခန့် တက်ရောက်ကြတယ်လို့ သိရပါတယ်။