ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး ကော်မတီအဖွဲ့ဟာ ဇူလိုင် ၁၂ ရက်နေ့က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချူပ်မှာ နေ့လည် ၁ နာရီကနေ ည ၇ နာရီထိ တွေ့ဆုံဆွေးနွေးခဲ့အပြီး အချက် ၅ ချက် သဘောတူညီ လက်မှတ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။
သဘောတူညီချက်ကို UWSA ဖက်က ပြည်ပဆက်ဆံရေးမှူး ဦးကျောက်ကော်အန် ဦးဆောင်တဲ့အဖွဲ့ဝင် ၅ ယောက်နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ နှစ်ဖက်သဘောတူ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး တပ်ကိစ္စအပါအဝင် ပဋ္ဋိပက္ခဖြစ်ပေါ်နေတဲ့ကိစ္စတွေ ပြေလည်သွားပြီဖြစ်တယ်လို့ UWSA တပ်ဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။
"တပ်နဲ့ပတ်သက်ပြီးကတော့ ဇွန်လ ၁၈ ရက်နေ့ နောက်ပိုင်းမှာ တပ်မတော်ဖက်က ဝင်ယူပြီး ဖျက်ထားတဲ့စခန်း ၊ ကျနော်တို့ဖက်ကလည်း ပြန်ပြီးတော့ ဝင်ယူတဲ့စခန်း၊ နှစ်ဖက်စလုံးက ဆုတ်ကြမယ်၊ မူလရှိနေမြဲ အရင်ကစခန်းတွေက မူလအတိုင်းပဲ၊ တပ်မတော်ဖက်ကနေ ကျနော်တို့ကို ပြစ်တင်ထားတဲ့ တချို့ပြောဆိုထားတဲ့ အချက်တွေ ရေအားလျှပ်စစ်အပါပေါ့ မလုပ်ရဘူး၊ လုပ်ရတယ်နဲ့၊ တကယ်မှာ ကျနော်တို့က နိုင်ငံတော်ဆီမှာ တင်ပြပြီးတော့ နိုင်ငံတော်ရဲ့ သဘောတူညီချက်အောက်မှာ ကျနော်တို့ လျှပ်စစ်စက်ရုံတည်ဆောက်ဖို့ ကုမ္ပဏီထောင်မှာ နိုင်ငံတော်က ယာယီကဒ်တွေ ထုတ်ပေးထားပြီးပြီပဲ သူတို့က မသိဘူး။ မသိတော့အကုန်ပိတ် အကုန်လုပ် ဒါမျိုးဖြစ်တာကိုး။ ဖွံ့ဖြိုးရေးဒေသတွေမှာ တိုးချဲ့ပြီးတော့ လုပ်တဲ့ဟာတွေလည်း ဒီအတိုင်းပဲ၊ ဒါကြောင့် မနေ့က ဆွေးနွေးပွဲမှာ ကျနော်တို့ အစောင်ရေ ၄ဝ ကျော် နိုင်ငံတော်အစိုးရရဲ့ လျှောက်လွှာရော နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်ရော ဘာရောအကုန်လုံးတင်ပြပေးလိုက်တယ်၊ သူတို့က ဘာပြောစရာရှိမလဲ၊ ဒါကြောင့်မို့ ဒီကိစ္စလေးတွေက နောက်ဆုံးအဆင်ပြေပါတယ်"
ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့မှာ ရှမ်းပြည်နယ် ဝန်ကြီးချူပ်အပါအဝင် တပ်ပိုင်းဆိုင်ရာဖက်က ဒုဗိုလ်မှူးကြီး အောင်သန်းထွဋ္ဋ်၊ တြိဂံတိုင်းတိုင်းမှူး၊ ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေအပြင် ပြည်သူ့လွတ်တော်နဲ့ အမျိုးသားလွှတ်တော်က တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွေလည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြတဲ့အတွက် အောင်မြင်တဲ့ရလာဒ်ကောင်းတွေရရှိခဲ့တယ်လို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။
"အောင်မြင်တယ်လို့ ပြောလို့ရပါတယ်၊ နှစ်ဖက်စလုံးက သဘောထားကြီးကြီးနဲ့ တကယ့်ဖြစ်ရပ်ကို အသေးစိတ်အထိ ဆွေးနွေးကြတယ်၊ ဆွေးနွေးကြတော့ နှစ်ဖက်သဘောထားကြီးကြီးနဲ့ ငြိမ်းချမ်းရေးကို ရှေးရှု့ပြီး ဆက်လုပ်သွားမယ်၊ ဆက်ပြီးတော့ကောင်းအောင် တဆင့်တိုး နိုင်ငံရေး ဆွေးနွေးမှုအထိ ဆက်လက်ကြိုးပမ်းသွားမယ်ဆိုတာ နှစ်ဖက်စလုံးက ဆန္ဒရှိတယ်၊ ဒီတော့ ဒီလိုဆန္ဒသဘောထားအောက်မှာ လွန်ခဲ့တဲ့လတွေပိုင်းကဖြစ်ခဲ့တဲ့ တင်းမာမှုတွေပေါ့ သူဝိုင်းလိုက် ကိုယ်ဝိုင်းလိုက် သူကပိတ်လိုက် ကိုယ်လည်းပိတ်လိုက်ပဲ၊ သေနတ်မမြည်တာ တချက်ပဲ၊ ဒါက အကောင်းဆုံး ပြဿနာ၊ အခုပြန်လည်ဆွေးနွေးနိုင်တာ ညှိနှိုင်းနိုင်တဲ့ အခြေခံတစ်ခုဖြစ်တယ်"
ဦးသိန်းဇော် ခေါင်းဆောင်တဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဟာ ဒီကနေ့ညနေပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီက အတွင်းရေးမှူး ကြောက်ဝ် ခွန်ဆိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့် သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။