အဲဒီလိုတွေ့ဆုံရာမှာ အရင်ပြည်နယ်အဆင့် ဆွေးနွေးခဲ့စဉ်က သဘောတူခဲ့တဲ့ အချက်တွေကို လက်တွေ့ ဆောင်ရွက်တဲ့နေရာ မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ALP အထွေထွေအတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
"ဥပမာ ဆက်သွယ်ရေးရုံး ဖွင့်တဲ့ကိစ္စတွေမှာ ဆိုလို့ရှိရင် ရဲဘက်ဆိုင်ရာက စောင့်ကြည့်တဲ့ အပိုင်းတွေရှိ တယ်။ ထောက်လှမ်းရေးပိုင်းက စောင့်ကြည့်တဲ့ အပိုင်းတွေရှိတယ်။ ဆိုတော့ ရုံးလုပ်ငန်းတွေအတွက် ကြိုးစားရတဲ့ သူတွေအတွက်ကတော့ စိတ်အနှောင့် အယှက်တွေဖြစ်တယ်။ အဲဒီကိစ္စတွေကို အစိုးရပိုင်းကနေပြီးတော့မှ ကူညီစေချင်တဲ့ အပေါ်မှာ ကျွန်မတို့ဆက်လက် ဆွေးနွေးတာ ရှိပါတယ်။ ပြီးလို့ရှိရင် မြန်မာ တစ်နိုင်ငံလုံးကို ရခိုင်လွတ်မြောက်ရေး ပါတီနဲ့ ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ ရဲဘော်တွေ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ရရှိဖို့ ဆိုတဲ့အပေါ်မှာ ကျွန်မတို့ အနေနဲ့ ထပ်မံဆွေးနွေးတာ ရှိပါတယ်"
ဒါ့အပြင် အခုလတ်တလော ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေကို သွားရောက်အကူအညီပေးရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ဘက်က ပြန်လည်ဆွေးနွေးချက် တွေနဲ့ ပတ်သက်ပြီးတော့လည်း -
"ကောင်းပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ အများကြီးရှိတယ်လို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် ကျွန်မတို့ ဘက်က အခက်အခဲတွေ တင်ပြတဲ့ အချိန်မှာ သူတို့တွေက နည်းလမ်းတွေပေးတယ်။ တချို့နေရာမှာ ကျွန်မတို့ အနေနဲ့ ဆက်သွယ်ရေးရုံးတွေ ဖွင့်လို့မရတဲ့ နေရာတွေမှာလည်းပဲ စီးပွားရေးရုံးတို့ ဘာတို့ စတင်လုပ်ဆောင်လို့ရတယ်။ ပြီးလို့ရှိရင် အနာဂတ်တချိန်ချိန်မှာလည်း စိတ်ကောင်း စေတနာကောင်းတွေနဲ့ နှစ်ဦးနှစ်ဘက်အားလုံး အတတ်နိုင်ဆုံး ကြိုစားပြီးတော့မှ ရခိုင်ပြည်အရေး၊ ရခိုင်ပြည်သူ လူထုတရပ်လုံးရဲ့ သာယာဝပြောရေးနဲ့ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ ဆွေးနွေးမှု များစွာပါပဲ၊ ဒီနေ့ဆွေး နွေးတာကတော့"
မကြာခင်လပိုင်းတွေက ALP အဖွဲ့ဟာ စစ်တွေမြို့မှာ ရုံးခွဲသွားရောက် ဖွင့်လှစ်ခဲ့ရာမှာ ဒေသခံတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ မြန်မာပြည်တွင်းမှာ အခြေမစိုက်သေးပေမဲ့ ပလက်ဝ၊ ကျောက်တော်နဲ့ တခြားသင့်တော်တဲ့ နယ်တွေဘက်မှာ လည်း ALP ရုံးခွဲတွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း၊ ငြိမ်းချမ်းရေး ဆက်သွယ်ရေးတာဝန်ခံ ခိုင်အေးလင်းနဲ့ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီနဲ့အဖွဲ့တို့ ပါဝင်ကြပါတယ်။ နောက်တစ်ကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို နှစ်ဘက်အသင့်ဖြစ်တဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။