ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာ

အစိုးရတပ်မ ၆၆ တပ်မမှူးနဲ့ ဖားကန့်အခြေစိုက် အမှတ် ၁ စစ်ဗျူဟာမှူးတို့က ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း ၆ ရဲ့တပ်စခန်းတွေကို အောက်တိုဘာ ၁၄ ရက်နေ့ မနေ့က နောက်ဆုံးထားပြီး ဆုတ်ခွာခိုင်းခဲ့တဲ့ အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတယ် လို့ ကေအိုင်အေ တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

မိမိတို့ အခြေစိုက်စခန်းကနေ မဆုတ်ခွာဘူးလို့ အကြောင်းပြန်ထားကြောင်း KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က RFA ကို ဒီနေ့ပြောကြားခဲ့ပါတယ်။

"တင်းမာတဲ့ အခြေအနေကတော့ အပြည့်အဝ ရှိနေပါတယ်၊ အောင်ဘာလေရွာဆိုတာ ကျနော်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ရွာလေ၊ အဲဒီ့ရွာမရောက်ခင် မှာ ကျနော်တို့ တပ်စခန်းလေးတွေရှိတယ်၊ အဲ့တပ်စခန်းလေးတွေကို ဖယ်ရှားခိုင်းတယ်၊ ကျနော်က မဖယ်ရှားပေး ဘူးလို့ အကြောင်းပြန်ထားတယ်၊ ပြည်သူလူထုကတော့ ကျီးလန့်စာစားဖြစ်နေကြပါတယ်၊ ရွာကကိုယ့်အိမ် ကိုလည်း မစွန့်ခွာနိုင်ဆိုတော့ ရွာသားတွေကတော့ ဒီအတိုင်းပဲနေနေကြပါတယ်၊ ကျနော်တို့ကလည်း စွန့်ခွာပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စဆိုတော့ သူတို့ဝင်လာရင်တော့ တိုက်ပွဲကတော့ မလွဲမသွေဖြစ်မှာပဲ၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပစ်နေပြီဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးလည်း မယူထားဘူး ဆိုတော့ ကျနော်တို့ နယ်မြေထဲဝင်လာရင်တော့ ပစ်ခတ်တိုက်ခိုက်သွားမှာပဲ"

အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် ကေအိုင်အေတပ်ရင်း ၆ အခြေစိုက်စခန်းနဲ့ အနီးဆုံးမှာရှိတဲ့ အောင်ဘာလေ ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက အဲဒီသတင်းကိုကြားပေမဲ့ အသေးစိတ်တော့ မသိရှိဘူးလို့ဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့၂ဝ၁၂ ခုနှစ်နှောင်းပိုင်းဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို ထွက်ပြေးခိုလှုံခဲ့ကြရတယ်လို့ သိရပါတယ်။