အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော

လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။

စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ကိုင်တွယ်ဖို့ သမ္မတဦးသိန်းစိန်က မနေ့က အမိန့်ပေးညွှန်ကြားလိုက်ပြီးနောက်မှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်တာဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ တခြားနေရာတွေကို မပြန့်နှံ့သွားအောင် အစိုးရအနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့နဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အပြစ်ကျူးလွန်သူတွေကို အရေးယူပေးဖို့ကိုလည်း မစ္စတာ ကင်တားနားက တောင်းဆိုထားပါတယ်။

မစ္စတာကင်တားနားရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း အဲဒီလိုပြောဆိုချက်တွေကို လုံးဝငြင်းပယ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်ကန်လေ့လာမှုမရှိပဲ တဆင့်ကြားသတင်းများကိုသာ အခြေပြုပြောကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက်တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။