ပညာရေး အဖွဲ့အစည်း အားလုံး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောကြား
2014.11.21
အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး သပိတ်မှောက် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေး ပညာရှင်အဖွဲ့အပါအဝင် ပညာရေးအဖွဲ့အစည်း အားလုံးကို ဖိတ်ခေါ်ဆွေးနွေးဖို့လိုအပ်ကြောင်း ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
ပညာရေးအကြံပေး ပညာရှင်အဖွဲ့ဟာ အမျိုးသား ပညာရေးဥပဒေကို ရေးဆွဲရာမှာပါဝင်ခဲ့တဲ့ အတွက် ကျောင်းသားတွေအနေနဲ့ တွေ့ဆုံဆွေးနွေး သင့်ကြောင်းနဲ့ ဆွေးနွေးချက်တွေကို နိုင်ငံတော် သမ္မတထံ အကြံပေးနိုင်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ပြောပါတယ်။
"ကျမတို့ပြောထားတာက တကယ်တော့ အမျိုးသား ပညာရေးဥပဒေလုပ်တာ ဒီလေးဦးထဲ မဟုတ်ပါဘူး၊ ပညာရေးဝန်ကြီးဌာနဘက်က ဆရာမတို့ ပညာရှင်တွေ ပါတာပဲ၊ အဲတော့ တွေ့ချင်ရင်တော့ တခြားအဖွဲ့တွေနဲ့ပါ တွေ့ချင်တာပေါ့ ကျောင်းသားတွေကို အဲ့တာပြောတာ၊ ပညာရှင်တွေကိုပါ တွေ့သင့်တာပေါ့၊ ဒီလေးဦးထဲမှမဟုတ်တာ၊ ကျမတို့က အကောင်အထည်ဖော်တဲ့လူတွေ လည်း မဟုတ်ဘူး၊ ကျမတို့က ဆုံးဖြတ်ချက်ထုတ်တဲ့ လူကြီးတွေလည်း မဟုတ်ဘူး၊ ဒါပေမဲ့ လူကြီးတွေကို အကြံပေးနိုင်တယ်၊ အကြံပြုနိုင်တယ်၊ ကျမအနေနဲ့လည်း သမ္မတအကြံပေးအနေနဲ့ သမ္မတရုံးကို အကြံပြု နိုင်တယ်"
နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေး ပညာရှင်များအဖွဲ့ဟာ အမျိုးသားပညာရေးဥပဒေကို စတင်ရေးဆွဲချိန်ကစပြီး ပါဝင်ခဲ့တာဖြစ်ပါတယ်။
သပိတ်မှောက်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေက ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ ရက်နေ့က အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER၊ အစိုးရ၊ လွှတ်တော်စတဲ့ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းသွားဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့အနှံ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။